(ဆရာတော်
ရဝေနွယ် (အင်းမ) ၏ မေတ္တာ အတွေးများစာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။ ပါဠိ စားသားများ
ထည့်သွင်းရေးသား မှု မပြု ထားကြောင်း ပရိတ်သတ်များအား အသိပေးအပ်ပါသည်။)
မေတ္တာ
အတွေးများ
တစ်ခါတုန်းက
ကောသလမင်းကြီး နဲ့ မလ္လိကာတို့ ဇနီး မောင်နှံ ဟာ ပြသာဒ် အထက်မှာ ထိုင်နေကြရင်း ကောသလမင်းကြီးက
သူ့ မိဖုရားကြီးကို ဘယ်သူမှလည်းအနားမှာမရှိတာနဲ့ “မလ္လိကာ … ဒီလောကကြီးမှာ ဘယ်သူ့ကို
အချစ်ဆုံးလဲ “ လို့ ခပ်တိုးတိုးလေး ကပ်မေးလိုက်ပါတယ်။
ဒီတော့ မလ္လိကာက ဘယ်လိုပြန်ဖြေလိုက်သလဲဆိုတော့
…“ကျွန်မကိုယ် ကျွန်မ အချစ်ဆုံးပေါ့၊ ကျွန်မထက် ပိုချစ်ရမယ့်သူ တစ်ယောက်မှ မရှိဘူးလို့“
ပြန်ဖြေလိုက်ပါတယ်။ ဒီအဖြေစကား ကြားလိုက်ရတော့ ကောသလမင်းကြီးက တော်တော်လေး စိတ်ထိခိုက်သွားပါတယ်တဲ့။
ဘာဖြစ်လို့လဲဆိုတော့ သူက “မောင်တော်ဘုရားကို အချစ်ဆုံးပေါ့“ ဆိုတဲ့ အဖြေစကားကို မျှော်လင့်ထားသလို
မလ္လိကာက “မောင်တော်ကော ဘယ်သူ့ကို အချစ်ဆုံးလဲ“ လို့ ပြန်မေးရင် “နှမတော်လေးကိုပေါ့“
လို့ မေးလေးကိုင်ပြီး ပြန်ဖြေဖို့ ကြံထားတာပါ။ ဒါပေမယ့် အဖြေက တစ်လွဲ စီ ဖြစ်ကုန်တော့
ကောသလမင်းကြီး တော်တော် စိတ်ဓာတ်ကျသွားပါတယ်။
ကောသလမင်းကြီးက စိတ်ထဲလည်း မကျေနပ်တာနဲ့
ဒီအကြောင်းကို မြတ်စွာဘုရား သွားလျှောက်ပြပါတယ်။ မြတ်စွာဘုရားကလည်း မလ္လိကာရဲ့ အဖြေစကားကိုပဲ
ထောက်ခံပြီး ဂါထာလေး တစ်ပုဒ် ဟောပြလိုက်ပါတယ်။
“အလုံးစုံသော အရပ်မျက်နှာသို့ စိတ်ဖြင့်
ရှာဖွေလှည့်လည်၍ မိမိထက် သာလွန်၍ ချစ်သောသူကို တစ်စုံတစ်ခုသော အရပ်၌ အခြားသူတို့သည်လည်း
သူတို့ကိုယ်ကို ချစ်အပ်ပါ၏ ။ ထို့ကြောင့် မိမိကို
ချစ်သော သူသည် သူတစ်ပါးကို ကိုယ်ချင်းစာကာ မညှင်းဆဲရာ ။“ အဓိပါယ်ကတော့
ကမ္ဘာမြေတစ်ခွင် စကြ၀ဌာ အနှံ့ စိတ်မှန်းနဲ့
လိုက်ရှာပေမယ့် ဘယ် အရပ်မှာမှ ကိုယ့်ထက်ပို ချစ်ရမယ့် သူကို မတွေ့နိုင်၊ မိမိကိုယ်သာ
အချစ်ဆုံးပါ။ ဒီအတူ ကျန်တဲ့သတ္တ၀ါ တွေလည်း ကိုယ့်ကိုယ်ကို
အချစ်ဆုံးပါ။ သူတစ်ပါးလည်း သူတို့ကိုယ်ကို ချစ်တတ်တဲ့ အတွက် ကိုယ်ချင်းစာ တရားထားပြီး
သူတစ်ပါးကို မညှဉ်းဆဲပါ နဲ့တဲ့။
***********
ဒီသာဓက ၀တ္ထု လေးကို ထောက်ပြီး လူဆိုတာ ကိုယ့်ကိုယ်ကိုသာ
အချစ်ဆုံးပါ။ ကိုယ့်ရဲ့ ချစ်သူကို “ချစ်တယ် ချစ်တယ်” လို့ တွင်တွင် ဘယ်လောက်ပြောပြော
အတွင်းစိတ်ထဲကတော့ ကိုယ့်ကိုယ်ကိုထက် ပို မချစ်နိုင်ကြပါဘူး။ ကိုယ်သေမှာနဲ့ ကိုယ့်ချစ်သူသေမှာ
ဘယ်သူ့ကို ပိုစိုးရိမ်သလဲ မေးရင် ကိုယ်သေမှာကိုပဲ စိုးရိမ်ကြပါတယ်။ လူဟာ ကိုယ့်ကိုယ်ကို
အချစ်ဆုံးပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်စပြီး မေတ္တာပွားရတာပါ။
အဲဒီမှာ မေးစရာ တစ်ခု ထပ် ဖြစ်လာပါတယ်။ ဘယ်လိုလဲဆိုတော့
“ကိုယ့်ကိုယ်ကို အရင်ပို့တော့ အတ္တ မဆန်ဘူးလား“ ပေါ့။
၀ိသုဒ္ဓိ
မဂ်ရဲ့ အဖြေကတော့ တိုတို ပါပဲ။ ကိုယ်ချင်းစာတတ်အောင်ပါတဲ့။ နည်း နည်း ချဲ့ ပြောရင်
ကိုယ်က ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းချင်သလို သူတစ်ပါးလည်း ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းချင်မှာပဲ၊
ကိုယ်ချမ်းသာချင် သလို သူတစ်ပါး လည်း ချမ်းသာချင်မှာပဲ၊ ကိုယ့်ကို သူတစ်ပါးက စော်ကားတာကို
မကြိုက်သလို သူတစ်ပါးလည်း ကြိုက်မှာ မဟုတ်ဘူး၊ ကိုယ့် အတင်းပြောရင် မကြိုက်သလို သူတစ်ပါးလည်း
သူ့ အတင်း ပြောရင် မကြိုက်သလို သူတစ်ပါးလည်း
သူ့ အတင်း ပြောရင် ကြိုက်မှာမဟုတ်ဘူး၊ ကိုယ်ပညာတတ်ချင်သလို သူတစ်ပါးလည်း တတ်ချင်မှာပဲ။
ကိုယ်အောင်မြင်ချင်သလို သူတစ်ပါးလည်း အောင်မြင်ချင်မှာပဲ၊ ကိုယ် ဂျီအက်(စ်)အမ်(မ်)ဖုန်း
ရချင်သလို သူတစ်ပါးလည်း ရချင်မှာပဲ စသည်ဖြင့်ပေါ့။ အဲဒီလို ကိုယ်ချင်းစာစိတ် မွေးတတ်
အောင်၊ ကိုယ်ချင်းစာတတ်အောင် ကိုယ့်ကိုယ်ကို အရင်ပွားရတာပါတဲ့။ ဒီတော့ နည်းနည်း ပွားကြည့်ရအောင်ပါ။
ကဲ တစ်ခါတည်း ပွားလိုက်ကြရအောင်နော်။
ငါသည် ဘေးရန်ကင်းရပါလို၏ ။
စိတ်ဆင်းရဲ ကင်းရပါလို၏ ။
ကိုယ်ဆင်းရဲ ကင်းရပါလို၏ ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့
ခန္စာဝန်ကို ရွက်ဆောင်နိုင်ရပါလို ၏ ။
မိမိကိုယ်ကို
မေတ္တာပွားပြီးရင် ဒုတိယအဆင့် အနေနဲ့ မိမိရဲ့ ချစ်သူကို ပွားရပါတယ်။ မိမိရဲ့ ချစ်သူဆိုတာ
ကိုယ့်ရဲ့ ရည်းစားကို ပြောတာ မဟုတ်ပါဘူး။ ကိုယ့်အပေါ် ကျေးဇူးများတဲ့ မိဘ၊ ဆရာသမား၊
အလုပ်ရှင်၊ မိတ်ဆွေ ၊ သူငယ်ချင်း စသည်တွေပါ။
ချစ်သူဆိုတဲ့ နေရာမှာ ကိုယ့် အပေါ် ကျေးဇူးများသူကို
ပြောတာဆိုတော့ ဦးရေ အရေအတွက်က များပါတယ်။ ဒါကြောင့် တစ်ယောက်ချင်းကို အကုန်ပွားရပါတယ်။
ဆယ့်ငါးယောက်ရှိရင်လည်း ဆယ့် ငါးယောက် ကုန်အောင်ပွားပေါ့။ပွားတဲ့ နေရာမှာလည်း သူတို့
ကိုယ့် အပေါ် ကျေးဇူး ရှိခဲ့ ပုံတွေ ၊ သူတို့ ရဲ့ ကောင်းကွက် ကလေးတွေ အဲဒါတွေကို အာရုံပြု
ပြီး ပွားရပါတယ်။
ကဲ… ဒါဖြင့် ပွားကြည့်ရအောင်ပါ။
ဘယ်သူ့ကိုပွားမလဲ၊ အမေလုပ်သူကိုပဲ အရင်ပွားလိုက်ရအောင်ပါ။
(အမေနဲ့ ပြီးခဲ့တဲ့ လကမှ ရန်ဖြစ်ထားတာ လို့တော့ မပြောပါနဲ့)
အမေ ဘေးရန် ကင်းပါစေ။
စိတ်ဆင်းရဲ ကင်းပါစေ။
ကိုယ်ဆင်းရဲ ကင်းပါစေ။
ကိုယ် ၊ စိတ် နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့
ခန္စာဝန်ကို ရွက်ဆောင်နိုင်ပါစေ။ (ဒါက ဥပမာ အနေနဲ့ ပွားပြတာပါ။ တခြားကိုယ် ချစ်ခင်ကြည်ညိုရာ
ဆရာတော်၊ ဆရာသမား၊ အလုပ်ရှင် မိတ်ဆွေ ၊ သူငယ်ချင်းတွေက စပွားလည်း ရပါတယ်)
တစ်ဆက်တည်း ကိုယ့်ရဲ့ အလုပ်ရှင်ကိုပါ မေတ္တာ
ပွားလိုက်ရအောင်ပါ။
ငါ၏ အလုပ်ရှင် ဦးဘမောင်သည်
ဘေးရန် ကင်းပါစေ၊
စိတ်ဆင်းရဲ ကင်းပါစေ၊
ကိုယ်ဆင်းရဲ ကင်းပါစေ၊
ကိုယ်စိတ် နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့
ခန္စာဝန်ကို ရွက်ဆောင်နိုင်ပါစေ။
********
ကိုယ့်အပေါ် ကျေးဇူးများတဲ့ ပုဂိုလ်တွေကို
တစ်ယောက်ချင်း ပို့ပြီးလို့ ကုန်သွားရင် တတိယ အဆင့် အနေနဲ့ မချစ်မမုန်း အလယ်အလတ်ပုဂိုလ်ကို
ပို့ရ ပွားရ ပါတယ်။
အလယ်အလတ် မချစ်မမုန်း ပုဂိုလ် ဆိုတာ သာမန်
အားဖြင့်ပဲ ထိ တွေ့ ဆက်ဆံ နေရတဲ့ ပု ဂိုလ် တွေပါ။
အလယ်အလတ် ပုဂိုလ်ကို ပို့ပြီးရင် စတုတ္ထ အဆင့်
အနေနဲ့ ရန်သူကို ပို့ရပါမယ်။ ရန်သူကို ပို့တဲ့ အခါ ရချင်လည်း ရမယ်။ မရချင်လည်း မရဘူး။
မရဖို့က များပါတယ်။ ရန်သူကို မေတ္တာပို့ နိုင်ဖို့ ဆိုတာ ကိုယ့်ရဲ့ မေတ္တာ သမာဓိဟာ တော်တော်လေး
ခိုင်မာလာမှပါ။ မခိုင်သေးရင် တော့ ပို့လိုက် ပြုတ်ကျလိုက်၊ ပို့လိုက် ပြုတ်ကျလိုက်
ဖြစ်နေမှာပါ။
ဒီရက် ဒီရက်တွေ မှာ မရပေမယ့် နောက်ရက်တွေ
ကျရင်တော့ ရချင်ရနိုင်ပါတယ်။ ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် မရကာမှ နေရော ၊ စမ်းတော့ ပို့ကြည့်
သင့်ပါတယ်။ ရတာ မရတာကတော့ ဥာဏ်ရဲ့ အလုပ်၊ ပို့ရမှာ ပွားရမှာတော့ ကိုယ့်ရဲ့ အလုပ်ပါ။
ဘယ်အဆင့်ထိ ပွားရမလဲ ဆိုရင် …
မိမိရယ် ၊ မိမိ ချစ်သူရယ်၊ မချစ်မမုန်း အလယ်
အလတ်ပုဂိုလ် ရယ်၊ ရန်သူရယ်ကို သီမာသမ္ဘောဒ ဖြစ်အောင် ပွားရပါ့မယ် တဲ့။ သီမာသမ္ဘောဒ ဆိုတာက
တစ်သားတည်း ဖြစ်နေတာကို ပြောတာပါ။
သီမာသမ္ဘောဒ= တစ်သားတည်း ဖြစ်ပုံ ကို ၀ိသုဒ်ဓိမဂ်
က ဒီလိုပြထားပါတယ်။
နေရာဌာန တစ်ခုမှာ မေတ္တာပွားသူ မိမိရယ်၊ မိမိ
ချစ်သူရယ်၊ မချစ်မမုန်း အလယ်အလတ် ပုဂိုလ် ရယ်၊ ရန်သူရယ် လေးယောက် နေနေကြပါတယ်တဲ့။ အဲဒီ
အချိန်မှာ လူဆိုးတွေ ရောက်လာပြီး “မင်းတို့ လေးယောက်ထဲက လူတစ်ယောက်ပေးပါလို့“ တောင်းလာပါတယ်။
လေးယောက်အုပ်စုက “ဘာလုပဖို့လဲ” လို့ ပြန်မေးပါတယ်။
ဒီတော့ လူဆိုးတွေက “မင်းတို့ ပေးလိုက်တဲ့ လူကို သတ်ပြီး လည်ချောင်းသွေး နဲ့ ယစ်ပူဇော်ဖို့”
လို့ ပြန်ပြောလိုက်ပါသတဲ့။ အဲဒီအခါ မေတ္တာပွားနေတဲ့ ပုဂ္ဂိုလ် က “ကျွန်တော့် ကို ယူပါ“
လို့ ပြောလိုက်ပါသတဲ့။ ဒါဆို သီမာသမ္ဘော = တစ်သားတည်း မဖြစ်သေးပါဘူးတဲ့။
ဘာဖြစ်လို့လဲ ဆိုတော့ တစ်ယောက်ကို တော့ ယူစေပြီး
သုံးယောက်ကိုတော့ မယူစေခြင်းဟာ ခွဲ ခြားမှု
ရှိနေသေးတဲ့ အတွက် တစ်သားတည်း မဖြစ်သေးပါဘူးတဲ့။
လေးယောက်ဟာ
တစ်ယောက်ထဲ ဖြစ်နေရပါမယ်တဲ့။
နောက်ဆုံး
တစ်ယောက်မှ ပေးစရာ မလိုဘူးလို့ မြင်သွားရပါ့မယ်တဲ့။ မြင်သွားအောင်လည်း ပွားရပါ့မယ်တဲ့။
ဒါက ၀ိသုဒ်ဓိမဂ်က ဥပမာစကားတစ်ရပ် အနေနဲ့
ပြောတာပါ။ တကယ့်လက်တွေ့ နယ်ပယ် ထဲမှာတော့တကယ့်မေတ္တာကို ခိုင်ခိုင်မာမာ ပွားလာရင် ပွားလာတဲပ
အခါ “သူက မြန်မာပဲ ၊ သူက ကုလားပဲ၊ သူက တရုတ်ပဲ၊ သူက သူဌေးပဲ၊ သူက ဆင်းရဲသားပဲ“ ဆိုတာ
မမြင်တော့ဘဲ လူတစ်ဦး အနေနဲ့ ပဲ မြင်နေရပါ့မယ်။ ဒါကို သီမာသမ္ဘောဖြစ်တယ်လို့ ခေါ်ပါတယ်။
အဲဒီလိုမှ မဟုတ်ဘဲ တွဲ မြင်နေသေးတယ် ခွဲခြားမြင်နေသေးတယ်
ဆိုရင်တော့ သီမာသမ္ဘော မဖြစ်သေးးပါဘူး။
သတ္တ၀ါတွေရဲ့ အကျိုးကို လိုလားစွာနဲ့ ခွဲခြားမှု
မရှိတော့ဘဲ လူ တစ်ယောက် အနေနဲ့ မြင်သွားပြီ မေတ္တာ ပွားနိုင်ပြီ ဆိုရင် ကိုယ့်ရဲ့ မေတ္တာဟာ
ပါရမီ မေတ္တာဖြစ်သွားပါတယ်။
မေတ္တာပို့ရမယ့် အစဉ်လေးကို လကာ`်လေးနဲ့ ကပ်မှတ်ထားရအောင်ပါ။
မိမိ၊ ချစ်သူ ၊ လယ်လတ်သူနှင့် ရန်သူ တစ်ဖြာ
မြတ်မေတ္တာ ပွားကာ စဉ်တိုင်းသိ။
(ဆရာတော်
ရဝေနွယ် (အင်းမ) ၏ မေတ္တာ အတွေးများစာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။ ပါဠိ စားသားများ ထည့်သွင်းရေးသား မှု မပြု ထားကြောင်း ပရိတ်သတ်များအား အသိပေးအပ်ပါသည်။)
No comments:
Post a Comment