Pages

Monday, February 25, 2013

တစ်ခြားနည်း လမ်း တစ်ခု သေချာပေါက် ရှိလိမ့် မည်


တစ်ခြားနည်း လမ်း တစ်ခု သေချာပေါက် ရှိလိမ့် မည်
တောရိပ်တောင်ရိပ်တွေ ဖုန်းလွှမ်း နေတဲ့ သဘာဝ အလှ တို့ နှင့် ပြည့်နှက်နေသော အေးချမ်းတဲ့ hotel တစ်ခု က တိတ်ဆိတ်တဲ့ အခန်းထောင့် တစ်နေရာမှာ ကျွန်ုပ် ထိုင်နေသည်။ အချိန်ကတော့ နေ့လည် ၊ ဇူလိုင်လ ဖြစ်ပါသည်။ ထိုစဉ် ရှင်သန် မှု နှင့် သေဆုံး ခြင်း ကြားရုန်းကန်နေရသည် ဟု ထင်ရသော အသံ တစ်ခုကို ကြားလိုက်ရပါသည်။
ယင်ကောင်တစ်ကောင်က သူ့ ရဲ့ တိုတောင်းလှတဲ့ ဘ၀ရဲ့ စွမ်းအင်တွေကို ပြတင်းပေါက် မှန်ကို ဖြတ်ပြီး ပျံသန်းဖို့ အသုံးမ၀င်တဲ့ ကြိုးစားမှုတွေ နဲ့ ကြိုးစားနေတာပေါ့။ သူရဲ့ တစ်ဖျပ်ဖျပ် ခတ်နေတဲ့ အတောင်တွေက တော့ ပြောနေတယ် ။ သူသုံးတဲ့ ဗျူ ဟာက ပြင်းပြင်းထန်ထန် ကြိုးစားပါတဲ့။
ဒါပေမယ့် အဲဒါက ဘာမျှ ဖြစ်မလာဘူးလေ။
သူကြိုးစားနေသမျှ ရုန်းထွက်မှု အားလုံးက အသက်ရှင် ဖို့ မျှော်လင့်ချက် မရှိ ဘူး လေ။ ရုန်းကန်ခြင်းဆိုတာ ထောင်ချောက်တစ်ခု ရဲ့ တစ်စိတ် တစ်ပိုင်းပါပဲ။ ဖန်ပြတင်းကို ဖေါက်ထွက် နိုင်ဖို့ ဆိုတာ အားစိုက်ထုတ်ပြီး ပျံသန်းရုံနဲ့ ဖြစ်လာနိုင်တဲ့ အရာ မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ ယင်ကောင်ငယ်လေးဟာ သူဖြစ်ချင်တာဖြစ်ရဖို့ အတွက် ဘ၀တစ်ခု လုံးနဲ့ အလောင်းအစား လုပ်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားလိုက်ပါတယ်။
ဒါပေမယ့် ယင်ကောင်လေးရဲ့ ကံ ကြမ္မာ ကတော့ မကောင်းရှာပါဘူး။ ပြတင်း ပေါက် ဘောင်ပေါ် မှာပဲ ခြေကုန်လက်ပန်းကျပြီး အသက်ဆုံးသွားရှာတယ်။
ထိုနေရာ နှင့် ခြေလှမ်း ၁၀ လှမ်း စာလောက် သော နေရာမှာ တံခါးမကြီး ဖွင့်ထားပါတယ်။ သူသာ ၁၀ စက္ကန့် လောက် ပျံ့သန်းခဲ့ရင် ယင်ကောင်ငယ်လေးဟာ အပြင် ကို ရောက်မှာ အသေအချာပါ။ အပြင် ကို ရောက်တာနဲ့ သူ သဘာဝ တရားရဲ့ အလှအပတွေကို ခံစားနိုင်ပြီပေါ့။ အဲဒီလိုသာ လုပ်ခဲ့ ရင် သူ အားအနည်းငယ်ကို ပဲ စိုက်ထုတ် သုံးစွဲ ရမှာပါ။ ပိတ်မိ နေတဲ့ နေရာကလည်း ရုန်းထွက် နိုင်မယ်။ ဖောက်ထွက် ဖို့ အတွက် ဖြစ်နိုင်ချေပါပဲ။ အရမ်းကို လွယ်ကူပါတယ်။
ဘာကြောင့်များ ဒီယင်ကောင်လေး တခြားနည်း နဲ့ မစမ်း ကြည့်တာလဲ။ ပုံမှန်အတိုင်းကြိုးစားရမယ် ဆိုတဲ့ စဉ်း စားတွေးခေါ် မှု မှာပဲ ဘာကြောင့် ပိတ်မိနေတာလဲ။ အောင်မြင်ဖို့ အတွက် သေချာတဲ့ အားထုတ်မှု မျိုးကိုပဲ အားထုတ်သင့်တယ်။ ဖောက်ထွက်ဖို့ အတွက် ဘယ်လို ဒသန မျိုးက အသေအချာ သေသည် အထိ တည် ရှိ နေမှာလဲ။
ပြင်းပြင်း ထန်ထန် ကြိုးစားရမယ်ဆိုတဲ့ စိတ်ကူးမျိုး အဲဒီ ယင်ကောင်မှာ ရှိတာ က ပြသနာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ စိတ်ကူးက သူ့ကို ဇီဝိန်ခြွေတဲ့ စိတ်ကူး ဖြစ်သွားတာပါ။
ပြင်းပြင်းထန်ထန်ကြိုးစားခြင်းဟာ တစ်ခါတစ်ရံမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ အတွက် အထောက်အကူ မပေးနိုင်ပါဘူး။ ဒီလို လုပ်ရင် ဒီလို ဖြစ်မယ်ဆိုတဲ့ ခိုင်မာချက်မျိုးပေးထားတာလည်း မရှိပါဘူး။ တစ်ခါ တစ်ရံ တော့ အဲဒါဟာ ပြသနာ တစ်ခု ရဲ့ အကြီး မားဆုံး အစိတ် အပိုင်းပါပဲ။
ကျွန်ုပ်တို့ ဖြစ်ချင်တာတွေ ဖြစ်ဖို့ ကြိုးစားမှု တစ်ခု ထဲမှာပဲ အမြဲ ပုံ အပ် မထားပါနဲ့။ ပုံအပ်ထားခဲ့ ရင် တော့ အောင်မြင်ဖို့ အတွက် အခွင့် အလမ်းတွေ ကို ပျောက်ဆုံးစေပါလိမ့်မယ်။
(ဘာသာပြန်သူ- ရွှေပိုးကောင်၊ Try Something Different အားဘာသာပြန်သည်။)

နေ့လည်ခင်း အချိန် ပန်းခြံထဲမှာ


နေ့လည်ခင်း အချိန် ပန်းခြံထဲမှာ
GOD နဲ့ တွေ့ ချင်တဲ့ ကောင်လေး တစ်ယောက်ရှိခဲ့ ဖူးပါသည်။ GOD နေတဲ့ နေရာကို ရောက်ဖို့ အတွက် ခရီး ရှည် တစ်ခု ကို ဖြတ်သန်းရမယ် ဆိုတာကို လည်း သူသိနေသည်။ ထို့ကြောင့် ကိတ်မုန့် နဲ့ အအေး ဘူး တွေ အပြည့် အိတ် တစ်လုံးထဲမှာ ထည့်ပြီး ခရီးကို စတင်ပါတော့သည်။
သုံး ဘလောက် လောက် ရောက်တဲ့ အခါမှာတော့ အဖွား အို တစ်ယောက်နဲ့ ဆုံတွေ့ပါတယ်။ သူမကတော့ ပန်းခြံထဲမှာ ထိုင်နေရင်း ခိုငှက်တွေကို ငေးကြည့်နေတာပေါ့။ ကောင်လေးက အဖွားအို ဘေးနားမှာဝင်ထိုင်လိုက်ပြီး အစားအသောက်တွေ ထည့်လာတဲ့ အိတ်ကို ဖွင့်လိုက်ပါတယ်။ အအေးကို သောက်မဲ့ ဆဲဆဲ မှာ သူဟာ တစ်ခုခု ကို သတိ ထားမိလိုက်ပါတယ်။ အဖွားအို ကြည့်ရတာ ဆာလောင်နေပုံပါပဲ။ အဲဒါကြောင့် သူဟာ ပါလာတဲ့ ကိတ်မုန့် တစ်ခုကို ပေးလိုက်ပါတယ်။ သူမကလည်း ကျေးဇူးတင်သော အပြုံးချိုချို နှင့် ပြန်လည် ပြုံးပြလျက်။ သူမရဲ့ အပြုံးက ကျက်သရေ ရှိပြီး မြင်ရသူ ရဲ့ စိတ်ကို ကြည်နူးစေပါသည်။ ကောင်လေးက သူမရဲ့ အပြုံးကို ထပ်မြင်ချင်မိတယ်။ ထို့ကြောင့် သူ့မှာ ပါတဲ့ အအေး တစ်ပုလင်းကို ထပ်ပေးလိုက်ပါတယ်။ ဒီတစ်ခါလည်း သူမက သူ့ကို ပြုံးပြပြန်ပါပြီ။ ကောင်လေးရဲ့ စိတ်ထဲမှာ ကြည်နူးမှု တွေ ပြည့် နှက်လျက်။ သူတို့ နှစ်ယောက်သားး နေ့ လည်ခင်း တစ်ခင်းလုံး စားသောက်ရင်း ၊ အပြုံးတွေ ဖလှယ်ရင်းပေါ့။ ဒါပေမယ့် စကားတော့ မပြောဖြစ်ကြဘူး။
မှောင်စပြုလာပြီ။ ကောင်လေးကလည်း အိမ်ပြန်ချိန် ရောက်ပြီဆိုတာကို သိလိုက်သည်။ ဒါကြောင့် ပြန်မည် ဟု ဟန်ပြင်လိုက်ပြီးမှ အဖွားအို ဘက်ကို ပြန်လှည့် ၍ နွေးထွေးစွာ ပွေ့ ဖက်လိုက်ပါသည်။ သူမကတော့ အမြဲတမ်း အပြုံးချိုချို တစ်ခု ပေးလျက်ပေါ့။
ကောင်လေး အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ သူ့ မေမေက သူ့ မျက်နှာပေါ် က အပြုံးရိပ်တို့ကြောင့် အံ့အားသင့်နေခဲ့ပါတယ်။ “ဘယ်လို အရာကများ ငါ့သားလေးကို ဒီလောက်တောင် ပျော်ရွှင်စေတာလဲကွယ်။”
ဟု မေးလိုက်ပါသည်။
သူပြန်ပြောလိုက်သည်။ “GOD နဲ့ နေ့လည်စာ စားခဲ့တယ် မေမေ။ သူမက ကျွန်တော်မြင်ဖူးသမျှ ထဲမှာတော့ အရမ်းလှတဲ့ အပြုံးကို ပိုင်ဆိုင်ထားသူပဲ။”
ထို အချိန်တွင်ပင် အဖွားအို လည်း ကြည်နူးပီတိ တို့နှင့် အိမ်ကို ပြန်လည် ရောက်ရှိလာသည်။ သူမရဲ့ သားကတော့ သူမရဲ့ မျက်နှာပေါ်က အေးချမ်းကြည်လင်တဲ့ အရိပ် အယောက်တွေ ကြောင့် “ဘယ်လိုကြောင့် အမေ အရမ်း ပျော်နေပါလိမ့်။” ဟု မေးလိုက်သည်။
သူမပြန်ပြောလိုက်သည်။ “GOD နဲ့ အတူတူ ကိတ်မုန့် စားခဲ့တယ်လေ။ သူက ငါထင်တာထက်တောင် ငယ်ပြီး နု နေသေးတယ် သားရဲ့”
(ဘာသာပြန်သူ - ရွှေပိုးကောင်၊ An Afternoon in the Park အားဘာသာပြန်သည်။)

Sunday, February 24, 2013

မေတ္တာ အတွေးများ


(ဆရာတော် ရဝေနွယ် (အင်းမ) ၏ မေတ္တာ အတွေးများစာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။ ပါဠိ စားသားများ ထည့်သွင်းရေးသား မှု မပြု ထားကြောင်း ပရိတ်သတ်များအား အသိပေးအပ်ပါသည်။)
မေတ္တာ အတွေးများ
တစ်ခါတုန်းက ကောသလမင်းကြီး နဲ့ မလ္လိကာတို့ ဇနီး မောင်နှံ ဟာ ပြသာဒ် အထက်မှာ ထိုင်နေကြရင်း ကောသလမင်းကြီးက သူ့ မိဖုရားကြီးကို ဘယ်သူမှလည်းအနားမှာမရှိတာနဲ့ “မလ္လိကာ … ဒီလောကကြီးမှာ ဘယ်သူ့ကို အချစ်ဆုံးလဲ “ လို့ ခပ်တိုးတိုးလေး ကပ်မေးလိုက်ပါတယ်။
          ဒီတော့ မလ္လိကာက ဘယ်လိုပြန်ဖြေလိုက်သလဲဆိုတော့ …“ကျွန်မကိုယ် ကျွန်မ အချစ်ဆုံးပေါ့၊ ကျွန်မထက် ပိုချစ်ရမယ့်သူ တစ်ယောက်မှ မရှိဘူးလို့“ ပြန်ဖြေလိုက်ပါတယ်။ ဒီအဖြေစကား ကြားလိုက်ရတော့ ကောသလမင်းကြီးက တော်တော်လေး စိတ်ထိခိုက်သွားပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက “မောင်တော်ဘုရားကို အချစ်ဆုံးပေါ့“ ဆိုတဲ့ အဖြေစကားကို မျှော်လင့်ထားသလို မလ္လိကာက “မောင်တော်ကော ဘယ်သူ့ကို အချစ်ဆုံးလဲ“ လို့ ပြန်မေးရင် “နှမတော်လေးကိုပေါ့“ လို့ မေးလေးကိုင်ပြီး ပြန်ဖြေဖို့ ကြံထားတာပါ။ ဒါပေမယ့် အဖြေက တစ်လွဲ စီ ဖြစ်ကုန်တော့ ကောသလမင်းကြီး တော်တော် စိတ်ဓာတ်ကျသွားပါတယ်။
          ကောသလမင်းကြီးက စိတ်ထဲလည်း မကျေနပ်တာနဲ့ ဒီအကြောင်းကို မြတ်စွာဘုရား သွားလျှောက်ပြပါတယ်။ မြတ်စွာဘုရားကလည်း မလ္လိကာရဲ့ အဖြေစကားကိုပဲ ထောက်ခံပြီး ဂါထာလေး တစ်ပုဒ် ဟောပြလိုက်ပါတယ်။
          “အလုံးစုံသော အရပ်မျက်နှာသို့ စိတ်ဖြင့် ရှာဖွေလှည့်လည်၍ မိမိထက် သာလွန်၍ ချစ်သောသူကို တစ်စုံတစ်ခုသော အရပ်၌ အခြားသူတို့သည်လည်း သူတို့ကိုယ်ကို  ချစ်အပ်ပါ၏ ။ ထို့ကြောင့် မိမိကို ချစ်သော သူသည် သူတစ်ပါးကို ကိုယ်ချင်းစာကာ မညှင်းဆဲရာ ။“ အဓိပါယ်ကတော့
          ကမ္ဘာမြေတစ်ခွင် စကြ၀ဌာ အနှံ့ စိတ်မှန်းနဲ့ လိုက်ရှာပေမယ့် ဘယ် အရပ်မှာမှ ကိုယ့်ထက်ပို ချစ်ရမယ့် သူကို မတွေ့နိုင်၊ မိမိကိုယ်သာ အချစ်ဆုံးပါ။ ဒီအတူ ကျန်တဲ့သတ္တ၀ါ တွေလည်း  ကိုယ့်ကိုယ်ကို အချစ်ဆုံးပါ။ သူတစ်ပါးလည်း သူတို့ကိုယ်ကို ချစ်တတ်တဲ့ အတွက် ကိုယ်ချင်းစာ တရားထားပြီး သူတစ်ပါးကို မညှဉ်းဆဲပါ နဲ့တဲ့။
                                                ***********
          ဒီသာဓက ၀တ္ထု လေးကို ထောက်ပြီး လူဆိုတာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးပါ။ ကိုယ့်ရဲ့ ချစ်သူကို “ချစ်တယ် ချစ်တယ်” လို့ တွင်တွင် ဘယ်လောက်ပြောပြော အတွင်းစိတ်ထဲကတော့ ကိုယ့်ကိုယ်ကိုထက် ပို မချစ်နိုင်ကြပါဘူး။ ကိုယ်သေမှာနဲ့ ကိုယ့်ချစ်သူသေမှာ ဘယ်သူ့ကို ပိုစိုးရိမ်သလဲ မေးရင် ကိုယ်သေမှာကိုပဲ စိုးရိမ်ကြပါတယ်။ လူဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်စပြီး မေတ္တာပွားရတာပါ။
          အဲဒီမှာ မေးစရာ တစ်ခု ထပ် ဖြစ်လာပါတယ်။ ဘယ်လိုလဲဆိုတော့ “ကိုယ့်ကိုယ်ကို အရင်ပို့တော့ အတ္တ မဆန်ဘူးလား“ ပေါ့။
ဝိသုဒ်ဓိ မဂ်ရဲ့ အဖြေကတော့ တိုတို ပါပဲ။ ကိုယ်ချင်းစာတတ်အောင်ပါတဲ့။ နည်း နည်း ချဲ့ ပြောရင် ကိုယ်က ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းချင်သလို သူတစ်ပါးလည်း ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းချင်မှာပဲ၊ ကိုယ်ချမ်းသာချင် သလို သူတစ်ပါး လည်း ချမ်းသာချင်မှာပဲ၊ ကိုယ့်ကို သူတစ်ပါးက စော်ကားတာကို မကြိုက်သလို သူတစ်ပါးလည်း ကြိုက်မှာ မဟုတ်ဘူး၊ ကိုယ့် အတင်းပြောရင် မကြိုက်သလို သူတစ်ပါးလည်း သူ့ အတင်း ပြောရင် မကြိုက်သလို သူတစ်ပါးလည်း  သူ့ အတင်း ပြောရင် ကြိုက်မှာမဟုတ်ဘူး၊ ကိုယ်ပညာတတ်ချင်သလို သူတစ်ပါးလည်း တတ်ချင်မှာပဲ။ ကိုယ်အောင်မြင်ချင်သလို သူတစ်ပါးလည်း အောင်မြင်ချင်မှာပဲ၊ ကိုယ် ဂျီအက်(စ်)အမ်(မ်)ဖုန်း ရချင်သလို သူတစ်ပါးလည်း ရချင်မှာပဲ စသည်ဖြင့်ပေါ့။ အဲဒီလို ကိုယ်ချင်းစာစိတ် မွေးတတ် အောင်၊ ကိုယ်ချင်းစာတတ်အောင် ကိုယ့်ကိုယ်ကို အရင်ပွားရတာပါတဲ့။ ဒီတော့ နည်းနည်း ပွားကြည့်ရအောင်ပါ။
          ကဲ တစ်ခါတည်း ပွားလိုက်ကြရအောင်နော်။
          ငါသည် ဘေးရန်ကင်းရပါလို၏ ။
          စိတ်ဆင်းရဲ ကင်းရပါလို၏ ။
          ကိုယ်ဆင်းရဲ ကင်းရပါလို၏ ။
          ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ ခန္စာဝန်ကို ရွက်ဆောင်နိုင်ရပါလို ၏ ။
မိမိကိုယ်ကို မေတ္တာပွားပြီးရင် ဒုတိယအဆင့် အနေနဲ့ မိမိရဲ့ ချစ်သူကို ပွားရပါတယ်။ မိမိရဲ့ ချစ်သူဆိုတာ ကိုယ့်ရဲ့ ရည်းစားကို ပြောတာ မဟုတ်ပါဘူး။ ကိုယ့်အပေါ် ကျေးဇူးများတဲ့ မိဘ၊ ဆရာသမား၊ အလုပ်ရှင်၊ မိတ်ဆွေ ၊ သူငယ်ချင်း စသည်တွေပါ။
          ချစ်သူဆိုတဲ့ နေရာမှာ ကိုယ့် အပေါ် ကျေးဇူးများသူကို ပြောတာဆိုတော့ ဦးရေ အရေအတွက်က များပါတယ်။ ဒါကြောင့် တစ်ယောက်ချင်းကို အကုန်ပွားရပါတယ်။ ဆယ့်ငါးယောက်ရှိရင်လည်း ဆယ့် ငါးယောက် ကုန်အောင်ပွားပေါ့။ပွားတဲ့ နေရာမှာလည်း သူတို့ ကိုယ့် အပေါ် ကျေးဇူး ရှိခဲ့ ပုံတွေ ၊ သူတို့ ရဲ့ ကောင်းကွက် ကလေးတွေ အဲဒါတွေကို အာရုံပြု ပြီး ပွားရပါတယ်။
          ကဲ… ဒါဖြင့် ပွားကြည့်ရအောင်ပါ။
          ဘယ်သူ့ကိုပွားမလဲ၊ အမေလုပ်သူကိုပဲ အရင်ပွားလိုက်ရအောင်ပါ။ (အမေနဲ့ ပြီးခဲ့တဲ့ လကမှ ရန်ဖြစ်ထားတာ လို့တော့ မပြောပါနဲ့)
          အမေ ဘေးရန် ကင်းပါစေ။
          စိတ်ဆင်းရဲ ကင်းပါစေ။
          ကိုယ်ဆင်းရဲ ကင်းပါစေ။
          ကိုယ် ၊ စိတ် နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ ခန္စာဝန်ကို ရွက်ဆောင်နိုင်ပါစေ။ (ဒါက ဥပမာ အနေနဲ့ ပွားပြတာပါ။ တခြားကိုယ် ချစ်ခင်ကြည်ညိုရာ ဆရာတော်၊ ဆရာသမား၊ အလုပ်ရှင် မိတ်ဆွေ ၊ သူငယ်ချင်းတွေက စပွားလည်း ရပါတယ်)
          တစ်ဆက်တည်း ကိုယ့်ရဲ့ အလုပ်ရှင်ကိုပါ မေတ္တာ ပွားလိုက်ရအောင်ပါ။
          ငါ၏ အလုပ်ရှင် ဦးဘမောင်သည်
          ဘေးရန် ကင်းပါစေ၊
          စိတ်ဆင်းရဲ ကင်းပါစေ၊
          ကိုယ်ဆင်းရဲ ကင်းပါစေ၊
          ကိုယ်စိတ် နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိရဲ့ ခန္စာဝန်ကို ရွက်ဆောင်နိုင်ပါစေ။
                                      ********
          ကိုယ့်အပေါ် ကျေးဇူးများတဲ့ ပုဂိုလ်တွေကို တစ်ယောက်ချင်း ပို့ပြီးလို့ ကုန်သွားရင် တတိယ အဆင့် အနေနဲ့ မချစ်မမုန်း အလယ်အလတ်ပုဂိုလ်ကို ပို့ရ ပွားရ ပါတယ်။
          အလယ်အလတ် မချစ်မမုန်း ပုဂိုလ် ဆိုတာ သာမန် အားဖြင့်ပဲ ထိ တွေ့ ဆက်ဆံ နေရတဲ့ ပု ဂိုလ် တွေပါ။
          အလယ်အလတ် ပုဂိုလ်ကို ပို့ပြီးရင် စတုတ္ထ အဆင့် အနေနဲ့ ရန်သူကို ပို့ရပါမယ်။ ရန်သူကို ပို့တဲ့ အခါ ရချင်လည်း ရမယ်။ မရချင်လည်း မရဘူး။ မရဖို့က များပါတယ်။ ရန်သူကို မေတ္တာပို့ နိုင်ဖို့ ဆိုတာ ကိုယ့်ရဲ့ မေတ္တာ သမာဓိဟာ တော်တော်လေး ခိုင်မာလာမှပါ။ မခိုင်သေးရင် တော့ ပို့လိုက် ပြုတ်ကျလိုက်၊ ပို့လိုက် ပြုတ်ကျလိုက် ဖြစ်နေမှာပါ။
          ဒီရက် ဒီရက်တွေ မှာ မရပေမယ့် နောက်ရက်တွေ ကျရင်တော့ ရချင်ရနိုင်ပါတယ်။ ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် မရကာမှ နေရော ၊ စမ်းတော့ ပို့ကြည့် သင့်ပါတယ်။ ရတာ မရတာကတော့ ဥာဏ်ရဲ့ အလုပ်၊ ပို့ရမှာ ပွားရမှာတော့ ကိုယ့်ရဲ့ အလုပ်ပါ။
          ဘယ်အဆင့်ထိ ပွားရမလဲ ဆိုရင် …
          မိမိရယ် ၊ မိမိ ချစ်သူရယ်၊ မချစ်မမုန်း အလယ် အလတ်ပုဂိုလ် ရယ်၊ ရန်သူရယ်ကို သီမာသမ္ဘောဒ ဖြစ်အောင် ပွားရပါ့မယ် တဲ့။ သီမာသမ္ဘောဒ ဆိုတာက တစ်သားတည်း ဖြစ်နေတာကို ပြောတာပါ။
          သီမာသမ္ဘောဒ= တစ်သားတည်း ဖြစ်ပုံ ကို ၀ိသုဒ်ဓိမဂ် က ဒီလိုပြထားပါတယ်။
          နေရာဌာန တစ်ခုမှာ မေတ္တာပွားသူ မိမိရယ်၊ မိမိ ချစ်သူရယ်၊ မချစ်မမုန်း အလယ်အလတ် ပုဂိုလ် ရယ်၊ ရန်သူရယ် လေးယောက် နေနေကြပါတယ်တဲ့။ အဲဒီ အချိန်မှာ လူဆိုးတွေ ရောက်လာပြီး “မင်းတို့ လေးယောက်ထဲက လူတစ်ယောက်ပေးပါလို့“ တောင်းလာပါတယ်။
          လေးယောက်အုပ်စုက “ဘာလုပဖို့လဲ” လို့ ပြန်မေးပါတယ်။ ဒီတော့ လူဆိုးတွေက “မင်းတို့ ပေးလိုက်တဲ့ လူကို သတ်ပြီး လည်ချောင်းသွေး နဲ့ ယစ်ပူဇော်ဖို့” လို့ ပြန်ပြောလိုက်ပါသတဲ့။ အဲဒီအခါ မေတ္တာပွားနေတဲ့ ပုဂ္ဂိုလ် က “ကျွန်တော့် ကို ယူပါ“ လို့ ပြောလိုက်ပါသတဲ့။ ဒါဆို သီမာသမ္ဘော = တစ်သားတည်း မဖြစ်သေးပါဘူးတဲ့။
          ဘာဖြစ်လို့လဲ ဆိုတော့ တစ်ယောက်ကို တော့ ယူစေပြီး သုံးယောက်ကိုတော့  မယူစေခြင်းဟာ ခွဲ ခြားမှု ရှိနေသေးတဲ့ အတွက် တစ်သားတည်း မဖြစ်သေးပါဘူးတဲ့။
လေးယောက်ဟာ တစ်ယောက်ထဲ ဖြစ်နေရပါမယ်တဲ့။
နောက်ဆုံး တစ်ယောက်မှ ပေးစရာ မလိုဘူးလို့ မြင်သွားရပါ့မယ်တဲ့။ မြင်သွားအောင်လည်း ပွားရပါ့မယ်တဲ့။
          ဒါက ၀ိသုဒ်ဓိမဂ်က ဥပမာစကားတစ်ရပ် အနေနဲ့ ပြောတာပါ။ တကယ့်လက်တွေ့ နယ်ပယ် ထဲမှာတော့တကယ့်မေတ္တာကို ခိုင်ခိုင်မာမာ ပွားလာရင် ပွားလာတဲပ အခါ “သူက မြန်မာပဲ ၊ သူက ကုလားပဲ၊ သူက တရုတ်ပဲ၊ သူက သူဌေးပဲ၊ သူက ဆင်းရဲသားပဲ“ ဆိုတာ မမြင်တော့ဘဲ လူတစ်ဦး အနေနဲ့ ပဲ မြင်နေရပါ့မယ်။ ဒါကို သီမာသမ္ဘောဖြစ်တယ်လို့ ခေါ်ပါတယ်။
          အဲဒီလိုမှ မဟုတ်ဘဲ တွဲ မြင်နေသေးတယ် ခွဲခြားမြင်နေသေးတယ် ဆိုရင်တော့ သီမာသမ္ဘော မဖြစ်သေးးပါဘူး။
          သတ္တ၀ါတွေရဲ့ အကျိုးကို လိုလားစွာနဲ့ ခွဲခြားမှု မရှိတော့ဘဲ လူ တစ်ယောက် အနေနဲ့ မြင်သွားပြီ မေတ္တာ ပွားနိုင်ပြီ ဆိုရင် ကိုယ့်ရဲ့ မေတ္တာဟာ ပါရမီ မေတ္တာဖြစ်သွားပါတယ်။
          မေတ္တာပို့ရမယ့် အစဉ်လေးကို လကာ`်လေးနဲ့ ကပ်မှတ်ထားရအောင်ပါ။
          မိမိ၊ ချစ်သူ ၊ လယ်လတ်သူနှင့် ရန်သူ တစ်ဖြာ မြတ်မေတ္တာ ပွားကာ စဉ်တိုင်းသိ။
(ဆရာတော် ရဝေနွယ် (အင်းမ) ၏ မေတ္တာ အတွေးများစာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။ ပါဠိ စားသားများ ထည့်သွင်းရေးသား မှု မပြု ထားကြောင်း ပရိတ်သတ်များအား အသိပေးအပ်ပါသည်။)

Sunday, February 10, 2013

ချစ်မိပြီ ဆိုရင်…………


ချစ်မိပြီ ဆိုရင်…………
လူတစ်ယောက်ကို ချစ်မိတယ် ဆိုတာ ချောက်ကမ်းပါး တစ်ခု ထဲကို ခုန်ဆင်းသလို ခံစားမှုမျိုး ၊ တစ်ခြားဂြိုလ်ငယ် တစ်ခုပေါ်သို့ လေယာဉ် ပေါ် ကနေ ခုန်ဆင်းတဲ့ အရသာမျိုး။ အဲဒီဂြိုလ်ငယ်ပေါ် ရောက်တဲ့ အခါမှာတော့ ပန်း၊ တိရိစ္ဆာန် ၊ လူ တွေ ၀တ်ထားတဲ့ အရောက် ကအစ သဘာဝ အားလုံးကို သင်မြင်တဲ့ အမြင် ပြောင်းလဲ သွားမည်။ ချစ်မိပြီ ဆို ခဲ့ရင် သူနဲ့သာ ဘ၀ကို ဖြတ်သန်းချင်တယ် ဆိုတဲ့ စိတ်မျိုး ဖြစ်ပေါ် လာမှာပါ။
          ချစ်တယ် ဆိုတဲ့ အရာကို တော့ လုပ်ယူ လို့ မရ နိုင်သလို၊ ချစ်ရတယ် ဆိုတာက ကိုယ့် တံတောင်ဆစ်ကို ကိုယ် ပြန်နမ်းရသလို မျိုးပဲ။ ကျွန်ုပ်တို့သာ အချစ်ကို ထိန်းချုပ်နိုင်ရင် အသဲကွဲ ရောဂါ ကို ကုဖို့ ဆေးတွေ့ ပြီ ပေါ့။ အဲဒီလိုသာ တကယ်ဖြစ်ခဲ့ရင် Juliet ကလည်း Romeo ကို လျစ်လျူ ရှု ပြီးတော့ Paris မြို့ ကြီးကို ပဲ ချစ်ဖို့ ကြိုးစားမှာပေါ့။ တကယ်ဖြစ်ခဲ့ရင်ပေါ့။
          ကြိုက်တယ် (သို့မဟုတ်) သဘောကျတယ် ဆိုတာနဲ့ ချစ်တယ် ဆိုတဲ့ စကားလုံးတို့မှာ ကွဲပြားခြားနားတဲ့ အဓိပါယ် တွေ များစွာရှိပါသည်။ အအေးမိခြင်း နှင့် တုပ်ကွေး ဖြစ်ခြင်းကွဲပြားသလို မျိုးပေါ့။ တုပ်ကွေး ကတော့ အအေး မိတယ် ဆို တာထက် ပို ခံစားရတဲ့ ရောဂါ ပါ။ ဒါပေမယ့် လူတွေက အအေး မိတာကို တုပ်ကွေး ဆို ပြီး ထင်တတ် ကြသေးတယ်။
          လူတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် တော့ အဲဒီ အတွက် စိတ်ညစ်မနေပါနဲ့။ သေချာတာ တစ်ခု က တော့ သင် ဖြစ်ချင် တာတွေရော မဖြစ်ချင်တာတွေ ရော ဖြစ်လာဦးမှာမို့ပါ။ ချစ်မိသွားရင် ဘာတွေ ဖြစ်လာလဲ ဆိုတဲ့ အရာက စကြာဝဠာ တစ်ခု လုံးမှာ ရှင်းပြဖို့ အခက်ဆုံး ပါ။ စဉ်းစားမှု မပါ ပဲ လုပ်မိတဲ့ အရာတစ်ခု။ အဲဒီလို ကိစ္စမျိုးမှာ စဉ်းစားမှု ပါခဲ့ရင်လည်း ကမောက်ကမ ဖြစ်ပြီး အဆုံးသတ် သွားမလားပဲ။         ချစ်မိပြီ ဆိုရင် ညာဘက် ဦးနှောက်က အရမ်း အလုပ်လုပ်ရတာပေါ့။ ညာဘက်ဦးနှောက်က ကျွန်ုပ်တို့ စိတ် ခံစားမှု တွေ အတွက် အရေး အကြီးဆုံး အစိတ် အပိုင်း တစ်ခု ပါ။ ဘာသာစကားလိုဟာမျိုးကျတော့ ဦးနှောက်ရဲ့ ဘယ်ဘက် အခြမ်းက ထမ်းဆောင်ရတဲ့ တာဝန်ပေါ့။ အဲဒီ အကြောင်း အခြင်းအရာကြောင့်ပဲ ချစ်မိပြီ ဆိုရင် ချစ်ခြင်း ရဲ့ ခံစားချက်ကို အဓိပါယ် ဖွင့် ပြဖို့ ခက်ခဲ လာတတ်ကြသည်။ ဘယ်ဘက် ဦး နှောက်က ညာဘက် ဦးနှောက်ကို အလျင်မီအောင် စကားလုံးတွေ မပို့ နိုင်ခဲ့ တဲ့ အတွက် ကြောင့် ပါ။
          နောက်ထပ် ထူးခြား ဆန်းပြားတာတစ်ခုက ချစ်မိပြီ ဆိုရင် ကိုယ်ချစ်တဲ့သူက ပြီးပြည့်စုံ သူ တစ်ယောက် အဖြစ် ကိုယ့်ကိုယ်ကို လှည့်စား သတ်မှတ်ပြီး ဖြစ်နေတာပါပဲ။ အမှန်တကယ်ကတော့ ပြီး ပြည့်စုံ တဲ့ သူ ဆိုတာ မရှိပါဘူး။ ဒါပေမယ့် တစ်ယောက်နှင့် တစ်ယောက် ပြီး ပြည့်စုံ တဲ့ အချက်အလက်တွေ ပဲ ရှာဖွေ ပြီး နေထိုင်သွားကြမယ် ဆိုရင်တော့ ကျွန်ုပ်တို့ ရဲ့ အချစ် တွေ ခိုင်မြဲ မှာ အသေအချာပါ။
(ဘာသာပြန်သူ - ရွှေပိုးကောင် ၊ RD Feb 2013, How To Fall In Love အား ဘာသာပြန်သည်။)