Pages

Monday, September 16, 2013

သင် မြေဧက ဘယ်လောက် လိုအပ်ပါသလဲ?

သင် မြေဧက ဘယ်လောက် လိုအပ်ပါသလဲ?
အမကြီး က ကျေးလက်မှာ နေတဲ့ ညီမလေး ဆီ အလည် ရောက်လာပါတယ်။ အမကြီး ကတော့ မြို့ ကြီး ပြကြီး က ကုန်သည် တစ်ယောက်နဲ့ အကြောင်းပါခဲ့တယ်။ ညီမငယ်ကတော့ ကျေးလက်က လယ်သမား တစ်ယောက်နဲ့ သာ အိမ်ထောင်ကျပြီး ရိုးရှင်းစွာ အသက်မွေးနေသူ ဖြစ်တယ်။ ညီအစ်မ နှစ်ယောက် စကားစမည် ပြောကြရင်းနဲ့ အစ်မကြီး ဖြစ်သူ က မြို့ကြီး ပြကြီး ရဲ့ လူနေမှု ဘ၀တွေကို အထင်ကြီး စရာ ကောင်းလောက်အောင် ပြောပြနေပါတော့တယ်။ အဲ့ ဒီမှာ နေထိုင်သူတွေက အလွန် ဇိမ် ကျ ကြောင်း၊ ၀တ်ကောင်းစားလှတွေ နှင့် မည်မျှ တောက်ပြောင်ကြောင်း ၊ မည်မျှ အဆင့်ရှိကြောင်း ၊ ဈေးကြီး ပြီး ကောင်းပေ့ ဆိုသော အရာများကို သာ စားသုံးကြကြောင်း၊ ပွဲလမ်း သဘင်များတွင် အပြိုင်အဆိုင်ဖြစ်ကြကြောင်းတို့ကို မျက်လုံးထဲ ကွင်းခနဲ မြင်အောင်ပင် မြိန်ရည် ရှက်ရည် ပြောပြနေတော့သည်။
ညီမငယ်ကတော့ အနည်းငယ် စိတ်ထင့်သွားပြီး ၊ တဖန် ကုန်သည်တွေရဲ့ မကောင်းကြောင်းကို ချိုးချိုးဖဲ့ ဖဲ့ ပြောပါတော့တယ်။ သည့်နောက်တော့ သူကတဖန် လယ်သမားတွေ ဘက်က ပြန်လည် ရပ်တည်တာပေါ့။ “ကျွန်မရဲ့ ဘ၀ ကို အမလိုဖြစ်အောင် တော့ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ကျွန်မတို့က ဆင်းရဲတယ်။ ဒါပေမယ့် အပူအပင်ကင်းတယ်လေ။ ကျွန်မတို့ ထက်တော့ အစ်မက ကျော့ကျော့မော့မော့ နေနိုင်ပါရဲ့။ အမ က ကျွန်မတို့ ထက်လည်း ၀င်ငွေ ကောင်းပါရဲ့။ ဒါပေမယ့်လည်း ပစ္စည်း သခ`်ါရ ၊ လူ သခ`်ါရပဲလေ။ ဖြစ်ခြင်း၊ ပျက်ခြင်းဆိုတာ အမွှာ ညီအစ်ကို ဆိုတဲ့ စကားပုံကို အမ ကြားဖူးတယ်မှတ်လား။ လူဆိုတာ အမြဲတမ်း ဒီလိုပဲ ဆိုတာမျိုးမရှိဘူး။ ပြောင်းလဲနေတယ်။ အနိမ့်အမြင့်ဆိုတာ ရှိတယ်။ ကျွန်မတို့ ဘ၀ ကတော့ပို လုံခြုံတယ်လေ။ လယ်သမား ဘ၀ဆိုတာ စို့စို့ပို့ပို့ တော့ မရှိပေမယ့် ။ ရေရှည်တဲ့ ဘ၀ တစ်ခု ဆိုတာတော့ အမှန်ပဲလေ။ ကျွန်မတို့က မချမ်းသာပေမယ့် ၊ ထမင်း တစ်လုပ် အတွက်တော့ မပူ ရဘူး အစ်မရဲ့။”
အစ်မကြီး ဖြစ်သူက တော့ သရော်သယောင် လှော်သယောင်နှင့် “လုံလောက်တယ်ဆိုတဲ့ နင့်ဘ၀က ၀က်တွေ ၊ နွားတွေ နဲ့ မျှဝေနေရတဲ့ ဘ၀ပါဟယ်။ လူ့ အဆင့် အတန်းဆိုတာကို နင်က ဘယ်လောက်များသိလို့လဲ။ တစ်နေ့တော့ နင်ရော၊ နင့် ကလေး တွေရော ဟော ဟိုက နွားချီးပုံထဲ ခေါင်းစိုက်ရမယ့် ဟာတွေ ချည်းပဲဟဲ့။ ”
ညီမငယ်က လည်း သေးသေးတင်မခံ “ကျွန်မတို့ ဘ၀က ကြမ်းတမ်းတယ် ဆိုတာ မှန်ပါတယ် အမရယ်။ ဒါပေမယ့် အမတို့ လိုတော့ လူသူ လေးပါးကို ခယ နေစရာမလိုဘူး။ မြို့မှ နေပြီး အမတို့ ဒီနေ့ အတွက်တော့ အမတို့ ဘ၀တွေ အဆင်ပြေပေမယ့်၊ နောက်နေ့ တွေမှာ မကောင်းဆိုးဝါးတွေ က  အမတို့ ရဲ့ ခင်ပွန်းသည်တွေကို ဖဲတို့ အရက်တို့ မိန်းမတို့ နဲ့ ဖျားယောင်း သွေးဆောင်ခြင်း မပြု ဘူး လို့ ဘယ်သူ အတတ်ဟော နိုင်လို့လဲရှင်။ လူ့ အဆင့် အတန်းကို အဟုတ် လုပ်ပြီး ပြောမနေစမ်းပါနဲ့။”
အိမ်ဦးနတ် ဘုန်းမောင်တစ်ယောက် မီးလင်းဖို နား လှဲလျောင်းနေရင်း ထို အမျိုးသမီး နှစ်ယောက်ပြောသမျှ ကို အတိုင်းသားကြားနေရသည်။သူတို့ ပြောတာ အမှန်တကယ်ပဲ ဆိုတဲ့ အတွေးတစ်ခုတော့ သူ့ခေါင်းထဲ ၀င်သွားသည်။ “ငယ်စဉ် ဘ၀ထဲက ဒီအချိန်အထိ မိရိုးဖလာ အလုပ်ကို လုပ်ရင်းနဲ့ပဲ အချိန်ကုန်ခဲ့ကြတယ်။ ဒီအချိန်ကစပြီး ဘ၀ကို အဓိပါယ် ရှိရှိ နေမှ ဖြစ်တော့မယ်။ အဓိက ပြဿနာကတော့ မြေဧက အလုံအလောက်မရှိတာပဲ။ ငါတို့မှာသာ မြေဧကများများစားစား ပိုင်ဆိုင်ခဲ့ ရင်တော့ မကောင်းဆိုးဝါး ကို သိပ်ကြောက်စရာ မလို တော့ ဘူး။ ကိုယ့် လယ်သမား အချင်းချင်းပဲ ရှိတော့မယ့် အတွက်လေ။”
စကားအချေအတင်ပြောနေကျတဲ့ ညီအစ်မ နှစ်ယောက်လည်း သိပ်မကြာခင် လ္ဘက်ရည်သောက်အပြီး တရေးမှေးစက် အိပ်သွားကြလေရဲ့။
ဒါပေမယ့် မီးလင်းဖိုဘေးမှာ မကောင်းဆိုးဝါး တစ်ကောင်ထိုင်နေတာကို တော့ သူတို့ မသိရှာပါဘူး။ လယ်သမားမိန်းမ က သူ့ ခင်ပွန်း အတွက် ဂုဏ် ယူ ပြောဆို ပုံတွေကို တော့ သဘော ကျနေတာပေါ့။ လယ် မြေ ဧက များများစားစား ရှိရင် မကောင်း ဆိုးဝါးကို ကြောက်စရာ မလိုဘူးဆိုတဲ့ ဘုန်းမောင် ရဲ့ အတွေး ကိုတော့ သူ အကြိုက်ဆုံးပေါ့။ မကောင်းဆိုးဝါးက တွေးတယ် ။ “ကောင်းပြီ စိန်လိုက်လေ။ မင်းတို့ လိုချင်တဲ့ လယ်ကွက်တွေ ရအောင် ငါပေးမယ်။ ပြီးရင်တော့ ငါ ဘယ်လောက် စွမ်းတယ်ဆို တာကို မင်းတို့ သိစေရမယ်။”
အဲဒီ ရွာ နီးစပ်ချုပ်မှာ လယ်မြေဧက သုံးရာ ပိုင်တဲ့ အမျိုးသမီး ကြီး တစ်ယောက်နေထိုင်တယ်။ သူ့ ခင်ပွန်း သူကြီး က လယ်သမား တွေ က အခွန်တော်တွေ မတရား ယူ ၊ ဒဏ်တွေ တပ်ပေမယ့် သူမကတော့ အားလုံးကို ဖြူ စင်စွာ ဆက်ဆံ သူ ဖြစ်တယ်။ ဘုန်းမောင်တစ်ယောက် မည်သို့ ပင် သတိ မူ စေကာမူ သူ့ ရဲ့ မြင်း တွေဟာ အဲ့ ဒီလယ်က ဂျုံ စေ့ ကို သွားစားလေ့ ရှိတယ်။ နွားတွေ ဟာလည်း အဲ့ဒီလယ်က ကောက်ရိုး ကို ပဲ ခုံမင်နေကြတယ်။ သူ့ ကျွဲတွေ တောင် အဲ့ ဒီ လယ်က ရွှံ့ ကို သူ မသိခိုက် သွား လူးနေကြတော့တယ်။ အဲ့ ဒီ အကြောင်းတွေ ကြောင့် သူ ဟာအမြဲ လို လို ဒဏ်တပ်ခံ နေရတော့တာပေါ့။
သူ က ဒဏ်တော့ ဆောင်ပေမယ့် အမြဲ လို လို ညဉ်းနေရတော့တာပေါ့။ အိမ်အပြန်လမ်းမှာလည်း ဒေါသတွေနဲ့ပေါ့။ နွေ ရာသီ လေး ကုန်ခါနီးတော့ ဘုန်းမောင်တစ်ယောက် စိတ်လက် ရွှင်လန်းလာပြ၊ီ ဆောင်းပေါက်ရင်တော့ သူ့ နွားတွေ ၊ ကျွဲတွေ အတွက် ခြံလေး သီးသန့် ဆောက်ပြီး ပြီမို့ အခြေ ကျ လောက်ပြီလေ။ တစ်နွေ လုံး သူကြီး ရဲ့ ဒဏ်ကိုခံ ခဲ့ ရပြီးပြီကိုး။
ဆောင်းပေါက်ချိန်မှာတော့ လယ်မြေဧကပေါင်းများစွာပိုင်ဆိုင်တယ်ဆို တဲ့ အမျိုးသမီးကြီးက သူမရဲ့ လယ်မြေတွေကို ရောင်းမယ် ဆိုတဲ့ သတင်းထူး တစ်ခု ထွက်လာပါတော့တယ်။ အဲ့ ဒါကို လွန်းပိုင်ရှင် ရွာ့ မျက်နှာဖုံး သူဌေးက ၀ယ်မယ်ဆိုတဲ့ သတင်း လည်း တစ်ပြိုင်နက်တည်း ထွက်ပေါ် လာပါတယ်။ လယ်သမား တစ်စု အဲ့ ဒီ သတင်း ကို ကြားလိုက်ရတဲ့ အချိန်မှာတော့ အလွန်ကို တုန်လှုပ် သွားပါတော့တယ်။ “ကျားကြောက်လို့ ရှင်ကြီး ကိုး ၊ ရှင်ကြီး ကျားထက်ဆိုးတော့ဖြစ်နေတော့မယ်။ နောက်ပိုင်ရှင်က ပို ဒဏ်တပ်ရင်တော့ ငါတို့ အတော် ဒုက္ခတွေ့ပြီ။”
ဒါကြောင့် လယ်သမား အဖွဲ့ ခေါင်းဆောင်းက ထို အမျိုးသမီးကို လယ်မြေများအား လွန်းပိုင်ရှင် သို့ မရောင်းရန် တောင်းပန်ရတော့တယ်။ ဒါ့အပြင် လယ်သမား အဖွဲ့မှ စု ပြီး ၀ယ်မည်ဖြစ်ကြောင်း ၊ သို့မှသာ ဘုံ ပိုင်ဆိုင် ဖြစ်မည့် အကြောင်းတို့ကို ညှိ နှိုင်း ကြသည်။
နောက်ဆုံးမှာတော့ သဘောထားကွဲလွဲမှု များကြောင့် တစ်ယောက်ချင်းဆီသာဝယ်ဖို့ ဖြစ်လာပါတော့တယ်။ ဘုန်းမောင် တစ်ယောက် သူ့ အိမ်နီး နား ချင်းတစ်ယောက်က ဧက
ငါးဆယ် ၀ယ် ယူ တယ် ဆို တဲ့ သတင်းကို သိလိုက်ရပါတယ်။ ဒါအပြင် အမျိုးသမီး ကြီးက ငွေသား တစ်ဝက် ကို ပဲ အရင် ယူထားပြီး ၊ နောက်တစ်ဝက်ကို တစ်နှစ်စောင့် နှုန်းထားနဲ့ ၀ယ်ယူစေခဲ့ပါတယ်။ ဒီအတွက် ဘုန်းမောင်ကတော့ မနာလို ၀န်တိုတွေ ဖြစ်နေပြီပေါ့။ “ကြည့်ပါဦး ။ မြေတွေကတော့ ရောင်းကုန်ပြီ။ ငါ့  ကျ တစ်ခုမှ မရ လိုက်ဘူး။” အဲ့ ဒီတော့ သူ့ အမျိုး သမီး နဲ့ တိုင်ပင်ပါတော့တယ်။ “အခြား လူတွေကတော့ ၀ယ်ကုန်ပြီး ရှင်မရေ၊ ငါတို့ လည်း လယ် ဧက ၂၀ လောက် တော့ ၀ယ်ရအောင်။ ” သူတို့ နှစ်ယောက် ခေါင်းခြင်း ဆိုင် ပြီး တိုင်ပင်ပါတော့တယ်။ သူတို့ လက်ထဲမှာ အသပြာ တစ်သိန်း တော့ ရှိတယ်။ သူတို့ ပိုင်ဆိုင်ထားတဲ့ မြင်းငယ်လေး တစ်ကောင်ကို ရောင်း ချလိုက်ရတော့တယ်။ သူတို့ ရဲ့ သား တစ်ယောက်ကို စာရင်းငှား အလုပ်လုပ်စေပြီး တစ်နှစ်စာ ငွေ ကြို ယူထား လိုက်တာပေါ့။ လိုတဲ့ ငွေကိုတော့ ဘုန်းမောင်က သူ့ ယောက်ဖ ဆီ က ချေး ယူ ပါတယ်။ မြေပိုင်ရှင် အမျိုးသမီးကြီးကို ဈေးဆစ် ၊ စရံ သတ်ပြီး နှစ်နှစ် အတွင်း ကျန်ပိုက်ဆံတွေ အရစ်ကျ ဆပ်ဖို့ သဘောတူညီလိုက်ကြတယ်။
          ဒီလိုနဲ့ ဘုန်းမောင် တစ်ယောက် မြေတွေ ပိုင်ဆိုင်ခဲ့ပါသည်။ အပင်တွေ စိုက်ပြန်တော့လည်း သူ့ မြေက အတော် အောင်မြင်သည်။ တစ်နှစ်အတွင်းမှာပဲ သူ အကြွေးတွေ အကြေ ဆပ်နိုင်ခဲ့လေသည်။ ဒီလိုနဲ့ လယ်ပိုင်ရှင် ဖြစ်လာပြီး ထွန်ယက် စိုက်ပျိုး ၊ ကောက်ရိုးတွေလည်း သူ့ မြေပေါ်မှာပဲ ၊ အပင်တွေလည်း သူကိုယ်ပိုင် ဖြစ်လာခဲ့ တယ်။ သူ့ တစ်ရှဉ်းတည်းသေသာ နွားကို လည်း စားကျက်လုပ်ပေးနိုင်ခဲ့တယ်။ စိမ်းဆိုနေတဲ့ သူ့ လယ်ကွင်းကို မြင်ရတိုင်း ဘုန်းမောင်ရဲ့ ရင်ထဲမှ ပီတိတွေ ပြည့်နှက်နေတယ်။ သူ့လယ် က သူများနဲ့ မတူ တမူထူးခြား ပြီး အထွက်တိုးတယ်။ ဘယ်နေရာစိုက်စိုက် အောင်မြင်တယ်။
          ဒါကြောင့်လည်း မောင်ဘုန်းက ကျေနပ်နေတာပေါ့။ ဒါပေမယ့်ပြဿနာ တစ်ခု ကတော့ သူ့ လယ်နီးချင်းတွေက သူ့ လယ်ကို ကျူးကျော်မှုတွေ ပြု လာကြတယ်။ သူတို့ရဲ့ မြင်းတွေကလည်း မောင်ဘုန်း ရဲ့ လယ်ထဲက ကောက်ရိုးပုံ တွေကို ၀င် စားတာမျိုးတွေ ဖြစ်လာကြတယ်။ သူစိုက်ထားတဲ့ ကောက်ပဲ သီးနှံ တွေ စားတယ် ဆိုတာမျိုး အထိ ဖြစ်လာတယ်။ မောင်ဘုန်းကတော့ သူတို့ လာတဲ့ လမ်း ကို ပြန်ကြောင်းပေးပါတယ်။ ပိုင်ရှင်တွေကို လည်း စိတ်မဆိုး နိုင်ရှာပါဘူး။
ဘယ်သူ့ ကို မှ အပြစ်မတင်ပဲ သူ တော်တော် ကြာကြာ နေထိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကြာတော့လည်း … မောင်ဘုန်း တစ်ယောက် မြို့ နယ် တရား ရုံးကို တက်ရောက်တိုင်တန်းခဲ့ပါတယ်။ သူ့ လယ်မြေကို လိုချင်လာဘ ရှိနေကြမှန်း သူသိသည်။ ”ငါသာ သေချာ မထိန်းသိမ်းရင် သူတို့ ငါ့ မြေကို ဖျက်ဆီးပစ်ကြလိမ့်မယ်။ ဒီကောင်တွေကို မှတ်လောက်သားလောက်အောင် ပညာပေးမှ ဖြစ်မယ်။” ဟု တွေးမိတယ်။ ဒီလိုနဲ့ပဲ သူ့ လယ်သမား သုံး လေးယောက် လျော်ကြေး ငွေ ပေးဆောင် ခဲ့ ရတာပေါ့။ သူ့ အိမ်နီး ချင်းကလည်း အာဃာတ တွေ တိုးလာတော့တာပေါ့။ မောင်ဘုန်းရဲ့ လယ်မှာ သူ့ ရဲ့ နွားတစ်ရှဉ်းကို ဂွင်ဆင်ပြီး ချ ထားလိုက်တယ်။ မောင်ဘုန်း စိုက်ထားတဲ့ သံပုရာတော က သံပုရာပင် ငါးပင်ကို အခေါက်ခွာပစ်လိုက်တယ်။ နောက်တစ်နေ့ မောင်ဘုန်း သံပုရာတော ကို ဖြတ်တော့ တစ်စုံ တစ်ခု ဖြူ လျော်လျော် ဖြစ်နေတာကို တွေ့ လိုက်ရတယ်။ သူ့ စိတ်တွေ ဗလောင်ဆူ သွားပါတယ်။ “တော်တော် ယုတ်တဲ့ ကောင်ပဲ။ ခုတ်တဲ့ အရာကြောင့်ပဲ အပင်က သေလု လု ဖြစ်နေပြီ။ ဘယ်သူ မှန်းသိ လို့ကတော့ နှစ်ဆ ပြန်ပေးရမယ်ကွ။” ဟု ကြုံးဝါး လိုက်သည်။ သူ က ဘယ်သူ ဖြစ်မလဲ ဆို တဲ့ ပုံစံ မျိုး နဲ့ ခေတ္တ စဉ်းစားလိုက်သည်။ “ဟိုကောင် ဖိုးစည်ပဲ ဖြစ်ရမယ်။”
          ဖိုးစည် ရဲ့ အိမ်ပတ်လည်ကို သူရှာဖွေတယ်။ ဘာမှမတွေ့တော့ ပို စိတ်တို ရပြန်တာပေါ့။ သူ့ စိတ်ထဲမှာတော့ ဖိုးစည် လက်ချက် ဆိုတာ ကို တပ်အပ် သိနေသလို။ တရားစွဲ ပြန်တော့လည်း သက်သေမရှိတော့ ဖိုးစည်က ကွင်းလုံးကျွတ် လွတ် တာပေါ့။ မောင်ဘုန်း တစ်ယောက်ကတော့ တရား သူ ကြီးတွေ နဲ့ ရန် ဖြစ်ခဲ့ ရတယ်။
          တစ်နေ့တော့ ခရီး သွား လယ်သမား တစ်ယောက် တည်း ခို ဖို့ အကူ အညီပေးရင်း နဲ့ နေရပ်ကို မေး မိကြတယ်။ ခရီးသွား က ဘောဂ ရွာကဖြစ်တယ်။ ဘောဂရွာမှာ လူဦး ရေ အသင့် အတင့် ရှိ ၍ စာရိတ္တ ကောင်းမွန်ကြကြောင်း ၊ တစ်ချို့ ဆို အခြေတကျ ဖြစ်နေကြောင်း သိလိုက်ရတယ်။လယ် သမား တစ်ယောက်ကို လယ် ဧက ၂၅ ဧက ပိုင်ဆိုင်ပြီး စိုက်သမျှ ဖြစ်ထွန်း ကြောင်းကို ပြောပြသည်။
          မောင်ဘုန်း ရဲ့ ဆန္ဒတွေကတော့ တရိပ်ရိပ် တက်လို့ လာနေပါပြီ။ ”ဘာကြောင့်များ ငါ ၀ါးလုံးခေါင်းထဲ လသာနေမလဲ? လယ်နဲ့ အိမ်ကို ရောင်း၊ ငွေကို ပိုက်ပြီး ဘ၀ သစ်စမယ်။ ငါ့မိသားစု ကို ခဏ ထားပြီး ၊ ငါအရင်သွားလေ့ လာမယ်။”
          နွေဦးပေါက်တော့ သူ ဘောဂ ရွာကို သွားဖို့ အသင့် ဖြစ်နေပါပြီ။ မိုင်တစ်ရာ လောက် ကို သူ ခြေလျင် သွားခဲ့ ပြီးနောက် မှာတော့ ဘောဂ ရွာ ကို သူ ရောက်ရှိခဲ့ပါတယ်။
          သူစိမ်း လယ်သမားပြောခဲ့တဲ့ အတိုင်းပါပဲ။ ဘောဂ ရွာက လယ်သမားတွေ အတွက် အပေါဆုံးက လယ်ပါပဲ။ ငွေသား ရှိတဲ့ မည်သူမဆို တစ်ဧက ကို ၂၀၀ ကျပ် နဲ့ ၀ယ်ယူ နိုင်ပါတယ်။
အကြောင်းစုံ ကို သိတော့ သူ အိမ်ကို ပြန်လာတယ်။ သူ့ ရှိသမျှ ကို ရောင်းချတယ်။ မိသားစု လိုက် ဘောဂရွာကို ထွက်ခွာ ခဲ့ပါတော့တယ်။ မောင်ဘုန်း နှင့် သူ့မိသားစု နေရာသစ်ကို ရောက်ရှိတဲ့ အခါ လို အပ်တဲ့ စာရွက်စာ တမ်းတွေ နဲ့ ရွာသား အဖြစ် ခံယူပြီး ၊ ရွာက သူ စိုက်ပျိုးရန် လယ် မြေ ၁၂၅ ဧက အပိုင်ပေးပါတယ်။ လယ် အားလုံး ရဲ့ မြေဆီ၊ မြေနှစ်က တညီတညာတည်း တော့ မဟုတ်ပါဘူး။ မောင်ဘုန်း အတွက်တော့ အရင်ထက် သုံးဆလောက် ပို ချမ်း သာ သွားပြီလေ။ သူ့ မိသားစု အတွက် အိမ်ဆောက် ပြီး ပိုတဲ့ ပိုက်ဆံ ကိုနွား တစ်ရှဉ်း ၀ယ်ပါတယ်။
          ပထမ နှစ်မှာတော့ သူဟာ ဂျုံ ကို စိုက်ပျိုးပါတယ်။ သူ့ မြေက လည်း အသီးအနှံ အောင် တယ်လေ။ ဒါပေမယ့် ၁၂၅ ဧက လုံးကတော့ ဂျုံ စိုက်ပျိုး ဖို့ အခြေအနေ ကောင်းတဲ့ မြေ မျိုး မဟုတ်ပါဘူး။ မောင်ဘုန်းကတော့ မြေလွတ် မြေရိုင်းမှာ စိုက်ရင် ဂျုံ က ပို အောင်မြင်တယ်လို့ သူသိထားပါတယ်။ ဒါကြောင့် သူ့ ရှိတဲ့ မြေမှာ တစ်ခါ စိုက်ပြီး ၂ နှစ်လောက်ပစ်ထားပြီးမှာသာ ထပ်မံ စိုက်ပျိုး ရမည် ဆို လည်း အဆင် မပြေလှ။ ထို့ကြောင့် မြေငှား စိုက်ပျိုး ရလေပြီ။
အထွက်နှုန်း ကကောင်းသဖြင့် ငွေကြေးတော့ အမြောက်အမြားရသည်။ ထို အချိန်တွင် မြေပိုင်ရှင်တို့က သိပ် မကြေလည် ကြတော့။ တစ်ဦး စီးပွားရေး ကောင်းလျှင် တစ်ဦး မနာလို ဖြစ်တတ် ကြသည်။ သည်တော့ မောင်ဘုန်းက အတွေးဝင်လာသည်။ “မြေငှားစိုက်တော့ တစ်ခု ခု ဆို ပိုင်ရှင် ကသာစမြဲ ၊ လို အပ်နေတဲ့ မြေမျိုး ကို အပိုင်ဝယ်လို့ ရလျှင် ကောင်းလိုက်မည့် ဖြစ်ခြင်း…”
          ထို့ကြောင့် မောင်ဘုန်း တစ်ယောက် မြေလွတ် မြေရိုင်း ၀ယ်ယူ ရန် စတင်၍ စုံ စမ်း လေပြီ။ အဲ့ ဒီအချိန်မှာ လယ် မြေဧက တစ်ထောင့်သုံးရာ ၀ယ်ထားတဲ့ လယ်သမားတစ်ယောက်က ဈေးပေါပေါနဲ့ ရောင်းမယ် အခြေအနေ ရှိနေတယ်။ သူ အဲ့ လယ်သမားနဲ့ တွေ့ တဲ့ အခါ 1500  ကျပ်နဲ့ ရောင်းမယ် လို့ သိရတယ်။ စရံ အဖြစ်တော့ တစ်ဝက်ကို အရင် ပေးချေ ခဲ့ ရမှာ ဖြစ်တယ်။ သူတို့ နှစ်ယောက် လယ်မြေအကြောင်းပြောရင်း လယ်သမားက သူ ဒီမြေ ရရှိလာပုံ ကို မောင်ဘုန်းကို ပြောပြခဲ့တယ်။ သူက သိပ်မကြာသေးခင်ကမှ ဒေါင်းဖို ရွာ က ပြန်ရောက်လာတာ ဖြစ်ကြောင်း ၊ ဧက သုံးရာလုံးကို ၁၀၀၀ ကျပ်ဖြင့်ဝယ်ယူ ခဲ့ ခြင်းဖြစ်ကြောင်းပြောပြတယ်။ မောင်ဘုန်းကတော့ အလွန်အံ့ သြသွားတာပေါ့။ လယ်သမားက “သူတို့ နဲ့ ခင်အောင်ပေါင်းနိုင်ပြီး၊ ပိုးထည်၊ ကော်ဇောတွေ ပေး ၊ သူတို့ ကြိုက်တဲ့ ၀ိုင်ကို တိုက်ရုံ နဲ့ အဲ့ ဒီလောက်မြေဧက ကို ဒီဈေး နဲ့ ရောင်းလိုက်တာပဲဗျို့ ” လို့ ထပ်ဆောင်းပြောကြားတယ်။ “ဒါ့ အပြင် ဒေါင်းဖို ရွာ ဆို တာ မြစ်တစ်ဖက် ကူး ရင်ေ၇ာက်ပြီ။ ခင်ဗျား လို ချင် တဲ့ မြေ အမျိုး အစားတွေ တစ်ပုံ ကြီး။ ရွာ သူကြီး ဦးရူပ ပိုင်ဆိုင်တဲ့ မြေတွေက ၁နှစ်လုံး မနား တမ်း လမ်း လျှောက်သွားရင်တောင် မကုန်ဘူးဗျာ” ဟု လယ်သမားက ပွင့်လင်းစွာ ပြောပြခဲ့သည်။
          အဲ့သည်တော့ မောင်ဘုန်းက “ဒီလို ဆို ခဲ့ လျှင်တော့ မြေဧက ထောင့်သုံးရာ ကို သူ့ ဆီက ဘယ် ၀ယ်ပါတော့မလဲ။ ဟို ဘက်ကမ်း ကူးပြီး တစ်ထောင်နဲ့ ၀ယ်တာက ပို တန်တယ်” ဟု ဆုံး ဖြတ် လိုက်တော့သည်။
          မောင်ဘုန်းကတော့ အဲ့ ဒီ နေရာကို ဘယ်လို ရောက်အောင်သွားနိုင်မလဲ ဆို တာကို စုံစမ်း တယ်။ သူ့ ဇနီးကိုတော့ လယ်နဲ့ အိမ်ကို စောင့်ရှောက်စေဖို့ အထူးမှာကြားတယ်။ လယ်သမား ပြောတဲ့ ပိုးထည်၊ ကော်ဇော၊ ၀ိုင် စသည် တို့ ကို ၀ယ်ယူပြီး ခရီး ထွက်ခဲ့တယ်။
          ဒေါင်းဖို ရွာ ကလူတွေက အမှန်တကယ် မြေကို စိတ်ဝင်စားသော လူ အမျိုး အစား မဟုတ်တာတော့ သူ့ အတွက် သေချာ နေသည်။ သူတို့ က နွားမွေးသည်။ နို့ ထွက် ပစ္စည်း ထုတ် လုပ်ရေးအတွက် အားသန် ကြသည်။
ဒေါင်းဖို ရွာကို ရောက်တော့ ရွာသားတွေ နှင့် ခင်မင်အောင် ပေါင်းသည်။ အလို လိုက် အကြိုက်ဆောင်သည်။ သူကြီး ဦး ရူပ ၏ အကြိုက်များ ကို လိုက်လျောပေးသည်။ လယ်သမား မှာ ကြားလိုက်သည့် အတိုင်း ပိုးထည် ၊ ကော်ဇော ၊ ၀ိုင် စသည်တို့ကို လက်ဆောင်အဖြစ် ပေးသည်။
ထို ရွာ မှ ရွာ သူ ရွာသားများ အားလုံး မောင်ဘုန်းကို အလွန် ချစ်ခင် လာကြသည်။
ဒေါင်းဖို ရွာ တွင် ဓလေ့ တစ်ခု ရှိသည်။ ရွာသူ ရွာသား များ ခင်မင်သည့် ဧည့်သည်ကို လက်ဆောင် အဖြစ် ဧည့်သည် ၏ ဆန္ဒ ကို လိုက်လျော ပေးခြင်းဖြစ်သည်။ ထို့ကြောင့် သူကြီး ဦး ရူပ က မောင်ဘုန်း ၏ ဆန္ဒ ကို မေး မြန်းသည်။ မြေဧက များစွာ လို ချင် ကြောင်း ဆန္ဒ အမှန်ကို သိစေခဲ့သည်။
“ငါတို့ မြေကို နေ့ နဲ့ တွက်ပြီး ရောင်းတယ် မောင်ရင်။ တစ်နေ့ လုံး အတွက်ကို တစ်ထောင်ကျပ်ပဲကျမယ်။ မင့် ခြေထောက်နဲ့ မြေဧက သွားနိုင်သလောက်ပေါ့ ။ တစ်နေ့ လုံး အတွက် တစ်ထောင်ကျပ်” ဟု ဦး ရူပ က လျှို့ဝှက်သော အပြုံး ဖြင့် ရှင်းပြသည်။
          မောင်ဘုန်းကတော့ အံ့ သြကြီးစွာဖြင့် “တစ်နေ့ တည်းမှာ သွားနိုင်တဲ့ မြေဧ က က အများကြီး ဖြစ်နိုင်တယ်လေ။”
          ဦးရူပ က မောင်ဘုန်း ၏ ပြောစကားကို သဘောခွေ့ သည့် ဟန်ရှိသည်။ “သွားနိုင်ရင် တော့ မင့် ဟာပေါ့ ငါ့တူရ။ ဒါပေမယ့် အခြေအနေ တစ်ရပ်တော့ ရှိတယ်။ အဲ့ နေ့ နေမ၀င် ခင်မှာပဲ စတင် ထွက်ခွာတဲ့ နေရာကို ပြန်ရောက်ရမယ်။ မရောက်ခဲ့ ရင်တော့ ကျပ် ၁၀၀၀ အဆုံးပေါ့ မောင်ရင်။ လမ်း ကြောင်းအတွက် မှတ်သားဖို့ က မြေတူးတဲ့ ဂေါ် တစ် ခုပေးမယ်။ အဆင်သင့် သလို မှတ်သားပေါ့ ကွယ်။”
          မောင်ဘုန်းကတော့ အပျော်ကြီးပျော်သွားတာပေါ့။ မနက်ဖြန်မနက် စမယ် လို့ ဆုံးဖြတ်လိုက်တယ်။ ဦးရူပ တိုက်တဲ့ လ္ဘက်ရည်ကို သုံးဆောင်ပြီး ၊ ရွာခံ တွေ ခင်းကျင်းပေးတဲ့ ငှက်မွှေးအိပ်ယာပေါ် မှာ လှဲ လျောင်းနေလိုက်တယ်။မနက်ဖြန် မနက် နေမထွက်ခင် သူ  အဲ့ဒီနေရာမှာ ကြို ရောက်နှင့် နေရတော့မယ်လေ။  မြေ အကြောင်း တွေးရင်း မျောလွင့်နေခဲ့တယ်။ ငါ တစ်နေ့ ကို အနည်းဆုံးတော့ 35 မိုင် လမ်းလျှောက်နိုင်တယ်။ အဲ့ဒီထဲကမှ သိပ်မကောင်း တဲ့ မြေတွေကို ပြန်ရောင်းမယ်။ ကောင်းတဲ့ မြေကိုတော့ ငါစိုက်မယ်။ မြေဧက ၁၅၀ လောက်ကို ထွန်ရက် စိုက်ပျိုးမယ်။ ကျန်တာကိုတော့ နွားစားကျက် လုပ်ပေးမယ်။ တစ်ညလုံး မောင်ဘုန်း တစ်ယောက် အိပ်မပျော် ပဲ ရှိပြီး အာရုဏ် တက် ခါနီး အချိန်မှာတော့ တစ်မှေးမှေး စက်သွားခဲ့ပါတယ်။
          အဲ့ဒီအချိန်မှာ သူဟာ အိပ်မက် တစ်ခု ကို မြင် မက်ပါတယ်။ သူ အခု လဲလျောင်းနေတဲ့ အရှေ့မှာ ဦး ရူပ က ရပ်လျက် သူ့ကို ကြည့်ပြီး ရယ် နေပါတယ်။ ဦးရူပ နားကပ်၍ “သူကြီး ဘာရယ်နေတာလဲ ?” ဟု မေး လိုက်သော အခါ သူကြီး ဦး ရူပ မဟုတ်ပဲ ဒေါင်းဖို ရွာကို သွားဖို့ ညွှန်လိုက်တဲ့ လယ်သမားဖြစ်နေပါတယ်။ “ရောက်နေတာကြာပြီလား” ဟု မောင်ဘုန်းက မေးမည် ကြံကာရှိသေး အဲ့ဒီလယ်သမားဟာ ဘောဂရွာကို သွားဖို့ ညွှန်လိုက်တဲ့ လယ်သမားပုံစံ ဖြစ်သွားပါတယ်။ သည့် နောက်မှာတော့ အဲ့ ဒီလယ် သမားလည်း မဟုတ် ပြန်ပါဘူး ။ ဂျို နဲ့ ခွာပါတဲ့ မကောင်းဆိုးဝါး ဖြစ်နေပါတော့တယ်။ မောင်ဘုန်းဟာ အဲ့ဒီ အချိန်မှာပဲ လန့် ပြီး နိုးလာပါတော့တယ်။ သည့်နောက် တစ်ယောက်တည်း တွေး လိုက်တယ်။ ဘယ်လို အိပ်မက်ပါလိမ့်။
          သူကြီး ရူပ နှင့် ရွာသူရွာသား အချို့ က တော့ ရောက် နှင့်ပြီ။ သိပ်မကြာခင် မောင်ဘုန်းလည်း ရောက်ရှိလာသည်။ “ကြည့်ပါအုန်း  မောင်ရင် ၊ မင်း တွေ့ သမျှ မျက် စိ တစ်ဆုံးက ငါ တို့ ပိုင်တဲ့ လယ်မြေတွေပေါ့။ မင်း ရမယ့် မြေက အဲ့ဒီ အစိတ် အပိုင်းထဲကလေ။”
          မောင်ဘုန်း ရဲ့ မျက်လုံးထဲ အ ရောင်တွေ တောက်ပ လာသည်။ အားလုံးက မသုံးရသေးသော မြေ ဆီကောင်းများဖြစ်သည်။ မြက်ပင်များပင်လျှင် ရင်ညွှန့် အထိ တက်ရောက်နေပေသည်။
ဦးရူပက “ဒီနေရာက စမယ်။ ဒီနေရာ ကို ပြန်လာရမယ်။ အမှတ်ကလေး တစ်ခု သတ်မှတ် ထားလိုက်ပြီ။ မောင်ရင် သွားနိုင်သမျှ မြေဟာ မောင်ရင့် မြေပဲ။”
မောင်ဘုန်း စတင် မထွက်ခွာခင်တော့ ငွေကို ထုတ်၍ သူ့ ဦး ထုပ်ထဲ ထည့်ထားခဲ့သည်။ ကျန်တာကိုတော့ သူ့ ရှပ်အကျီ အိပ်ထဲတွင် အရံသင့်ထားသည်။ ရေ နှင့် စားသောက်ဖွယ်ရာများကို သယ်ဆောင်သွားသည်။ “ကိစ္စ မရှိဘူး။ နေထွက်တာနဲ့ နေနဲ့ အပြိုင် ငါပြေးမယ်။”
          လမ်းတစ်လျှောက် ကိုက် တစ်ထောင် ရောက်တိုင်း အမှတ်အသားတစ်ခု  ပြု လုပ်သည်။ သူဟာ မမြန် မနှေး သွားတယ်။ တစ်နေရာ အရောက်တော့ သူ နောက်ကို ပြန်လှည့်ကြည့်သည်။ နေရောင်အောက်မှာ ရွာသားတွေ နှင့် သူကြီး ကို အဝေးက ပျပျ လှမ်းမြင်ရသည်။ ၃ မိုင်ကို ကျော် ဖြတ် ခဲ့ ပြီ ဆိုတာ သူ သိလိုက်သည်။ သူ ခရီး ကို ဆက်သွားရဦးမယ်။ သူ ၏ ဖိနပ်ပေါက်တဲ့ ဒဏ်ရာကို ခံ နိုင် ရည် ရှိစေရန် အတွက် ဖိနပ်ကို ချွတ် လိုက်သည်။ တည့်တည့် သွားမည့် အစား မြေကောင်းမည့် ဘက်က ကွေ့ ၍ သွားသည်။ သူ ချွေး အနည်း ငယ် ထွက်လာပြီ။ ရေဆာလောင် မွတ် သိပ်လာသည်။ နေသည်လည်း တဖြည်းဖြည်း အပူရှိန် မြင့်လာပြီ။ ခေတ္တ ထိုင်ပြီး သယ်ယူလာသော အစားအစာများကို စားသောက်၍ အားအင်ဖြည့်တင်းသည်။ ခေတ္တ အနားယူပြီး သူ ဆက်လက်ထွက်ခွာခဲ့သည်။ နေ၏ အပူ ရှိန်ကလည်း ပြင်းထန်သည်။ ခြေထောက်များလည်း အလွန် နာကျင်လှပြီ။ “ဆက်မသွားပဲ ပြန်လှည့် ရင်တော့ ကျန်တာတွေ နှမြော စရာကြီး” ဟူသည့် အတွေးကလည်း ရှိသည်။ ကိုက် တစ်ထောင် ပြည့် တိုင်း အမှတ် အသား တစ်ခု အဖြစ် မြေတူးကာ ပုံထားရသည့် အတွက် လက် နှစ်ဖက်သည်လည်း အလွန်နာကျင်လှပြီ။ နေ ၏ အပူ ရှိန်က လည်း တစ်ဆ တစ်ဆ ပြင်ထန်လာပြီ။ ဖိနပ်မပါသည့် ခြေ ဖ၀ါး သည် မည်သို့ ခံ နိုင်မည်နည်း။  သူသည် မြန်မြန် ပြေးသည်။ အသက်မျှပင် မရှူ နိုင်။ သည် အချိန် ပြန်လှည့်မှသာ အစနေရာကို ရောက်အောင်သွားနိုင်မည် ကို သူ သိသည်။ သို့ သော် သူ့ တစ်ကိုယ်လုံးချွေး တို့ ဖြင့် ရွှဲစို နေပြီ။ သူ့ ခြေ နှစ်စုံ သည်လည်း သူတို့ မဟုတ်သလိုပင်။ အစနေရာကို ပြန်မရောက်မည် စိုးရွံ့ သည့် စိတ်ဖြင့် သူ့ ရင် အုံ အစုံ သည် လည်း ပန်းပဲ ဖို ကဲ့ သို့ ပူ လောင်နေသည်။ သူ့ နှလုံးသားသည်လည်း တူဖြင့် ထု သည့် အခါ မြည်သော အသံ ကဲ့ သို့ ကျယ်လောင်စွာ ခုန် လျက် ရှိသည်။ သူ ဒီပုံ နှင့် အားတင်းသွားလျှင် အမောစို့ ၍ အသက်ဆုံးနိုင် သည်ကို သူ သိသည်။
သေမှာကို ကြောက်သော်လည်း သူ ရပ်နားခြင်းမပြု ခဲ့ပေ။ တဖြည်းဖြည်းတော့ သူ့ နေရာ မှတ် နှင့် နီးလာပြီ။ သူကြီး ဦးရူပ အော်ပြောနေသည့် အသံ ကိုတော့ သူကြားရသည်။ နေ၀င်ပြီး တစ်နာရီ လောက်အကြာတွင်တော့ သူ ရောက်ရှိခဲ့သည်။ သူ့ တစ်ကိုယ်လုံးကို ထို နေရာတွင် ပစ်လှဲ လိုက်သည်။ ပါးစပ်မှာ သွေးများအန်လောက်အောင်ပြေးခဲ့ရသည်။ အဲ့ဒီ အချိန် သူ သတိ ရလိုက်တာက သူ့ အိပ်မက်။ “မြေတွေက တော့ အများကြီးပါ။ ဒါပေမယ့် ဘုရားသခင်က မင်း ကို ပေးနေဦးမှလေ။ အခု တော့ ငါ့ တစ်ဘ၀လုံး ဆုံးရှုံး လိုက်ရပြီ။ လုပ်ခဲ့တာတွေ အကုန် အချည်း အနှီး ဖြစ်သွားပြီ” လို့ ရေရွတ်လိုက်တယ်။ သူကြီး ဦး ရူပ ကို သူ အသေအချာ စိုက်ကြည့်ပြီး သူ ဘ၀ နောက်ဆုံးအချိန် အထိ အမှတ်ရနေတာကတော့ သူ့ အိပ်မက်ပါပဲ။ သူ ပိုက်ဆံ ထည့်ပြီး ထား ခဲ့ တဲ့ ဦး ထုပ်လေး ကို ဦးရူပ လက်ထဲ ထည့်ရင်း မောင်ဘုန်း ရဲ့ ဘ၀ နိဂုံး ချုပ်ခဲ့ပါတယ်။
          “သူဟာ လူကောင်းလေး တစ်ယောက်ပါ။ သူ့အတွက် မြေ တစ်နေရာတော့ ရမှာပါ” ဟု ဆိုပြီး သူကြီး ဦး ရူပ လှည့်ထွက်သွားခဲ့သည်။ မောင်ဘုန်း ရဲ့ အလောင်း ကို ရွာသားတွေက မြေမြှုပ်ပေးခဲ့ကြတယ်။ သူ့အတွက် နောက်ဆုံးလိုအပ်တဲ့ မြေကတော့ သူ့ ခေါင်းကနေ ခြေထောက်အထိ ခြောက်ပေ တိတိပါပဲ။
(ဘာသာပြန်သူ- ရွှေ ပိုးကောင်၊ How much land does a man need? By Leo Tolstoy အားဘာသာပြန်သည်။)

No comments:

Post a Comment