Pages

Thursday, December 13, 2012

ထိရောက်တဲ့ ကုသမှု တစ်ခု


ထိရောက်တဲ့ ကုသမှု တစ်ခု
ရွေ့လျားနိုင်တဲ့ အစိတ် အပိုင်း၊ ဘက်ထရီ စသည် တို့ ဖြင့် ပြု လုပ်ထားခြင်း မရှိပါ။
ကုသမှု ကို သုံးစွဲ ခြင်းဖြင့် လစဉ်ပေးရတဲ့ အခကြေးငွေမျိုး မလိုဘူး။
ဈေးနှုန်း အတက် အကျ လည်း မရှိသဖြင့် စိတ် ချ သုံးစွဲ နိုင်ပါသည်။။ အမြတ် ခွန် ကောက်ခြင်း မပါဝင် သော ကြောင့်ပေါ့ပေါ့ပါးပါးလေး ပဲ သုံးစွဲနိုင်ပါသည်။
ဤ ကုသမှု သည် ခိုးသူ တို့ ခိုးယူနိုင်ခြင်း မရှိသည့် အပြင် ပတ်ဝန်းကျင် ညစ်ညမ်းခြင်း မရှိကြောင်း အာမခံပါသည်။ စွမ်းအင် အနည်းငယ် ကို အသုံးပြု ရုံဖြင့် အကျိုးများစွာ ရရှိ နိုင်သဖြင့် မိဘ ပြည်သူအပေါင်း စိတ်ကျေနပ် မည် မှာ အမှန် ဖြစ်ပါသည်။
ဤ ကုသမှု ကို သုံးစွဲနေစဉ်
- စိတ်ကို ဖြေလျော့ထားပါ။
-ပျော်ရွှင်ခြင်းတွေကို တိုးမြှင့် လိုက်ပါ။
-ကိုယ့်ကို ယိုင်လဲစေမည့်  စိတ် ဓာတ် ကျဆင်းမှု ကို တိုက်ဖျက်ပါ။
-မိမိကိုယ်ကို လေးစားမှု ကို မြှင့်တင်ပါ။
ဤ သို့ ပြု ခြင်းအားဖြင့် သွေး လေ မှန် ကန်လာပါလိမ့်မည်။ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ တကယ့် ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါသည်။ ထို ကုသနည်း အား ဆေး ညွှန်းရမည် ဆိုပါက သူငယ်ချင်းရေ  မိမိ ရဲ့ လက်တစ်စုံ နဲ့ ကြင်နာစွာ ထွေးပွေ့ လိုက်ပါ။ ကြင်နာမှု သည် အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိပါသည်။
(ဘာသာပြန်သူ- ရွှေပိုးကောင် ၊ Universal Rx အားဘာသာပြန်သည်။)

Sunday, December 9, 2012

ကောင်းကင်ဘုံ နှင့် ငရဲ ၏ လျှို့ ၀ှက်ချက်


ကောင်းကင်ဘုံ နှင့် ငရဲ ၏ လျှို့ ၀ှက်ချက်
ဘုန်းကြီးတစ်ပါးဟာ လမ်း ရဲ့ နံ ဘေး မှာ ထိုင်နေတယ်။ မျက်လုံးကို မှိတ်ပြီး ၊ တင်ပလ္လင် ချိတ်လို့ ၊ သူ့ရဲ့ ပေါင် ပေါ် မှာ လက်နှစ် ဖက်ကို ထပ်လျက် တင်ထားတာပေါ့။ သူဈာန် ၀င်စားနေဆဲမှာပဲ ဆာမူရိုင်း တစ်ယောက်ရဲ့ ကြမ်းတမ်းတဲ့ အသံ က ၀င်ရောက်လာပါတယ်။ “အဘိုးအို၊ ဘယ်အရာက ကောင်းကင်ဘုံ၊ ဘယ်အရာက ငရဲ ဆိုတာ ကွဲကွဲပြားပြား သိရအောင် သင်ကြားပေးပါ။”
ပထမပိုင်းမှာ ဘုန်းတော်ကြီးက မကြားသယောင်ပင် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် သိပ်မကြာခင် မျက်လုံးကို ဖွင့်ပြီး ပြုံးကာ စဉ်းစားနေပါတော့တယ်။ အဖြေကို သိချင်လှသော ဆာမူရိုင်းက စိတ်မရှည်စွာနဲ့ စက္ကန့် တွေကို ဖြတ်သန်းပြီး စောင့်နေပါတော့တယ်။
“ကောင်းကင်ဘုံ နှင့် ငရဲ ဟာ ဘယ် အရာဆိုတာကို မင်းမသိတာလား?”
နောက်ဆုံးမှာတော့ ဘုန်းတော်ကြီးဆီက ပြန်လည် ဖြေကြားမှု ကို ဆာမူရိုင်းရခဲ့ပြီ။
“မင်းဟာ စာနာမှုတရားကင်းမဲ့နေတယ်။ မင်းရဲ့ ခြေ ၊ လက် အင်္ဂါတွေက ညစ်ပေနေတယ်။ ခေါင်း ဖြီးခြင်း မရှိဘူး။ အသက်ရှု သံတိုင်းဟာ ဆိုးသွမ်းမှု အတွက်ပဲ။ မင်းရဲ့ဓားဟာ သွေး အလိမ်းလိမ်း ထပ်နေပြီး ငဲ့ ညှာ မှု မရှိဘူး။ မင်းဘ၀ အခု လို ကြည့် မကောင်းတာ မင်း အမေ က ရယ်စရာဝတ်စုံ တစ်စုံ ၀တ်ပေးလိုက်သလိုပဲ။ အဲဒါတောင် ဘယ် အရာက ကောင်းကင်ဘုံ ? ဘယ် အရာက ငရဲ ဆိုပြီး လာမေးနေတာလား။”
ထို အချိန်မှာ ဆာမူရိုင်းတစ်ယောက် မခံချိ မခံသာ ဖြစ်ပြီး ဆဲရေး လိုက်တယ်။ သူ့ရဲ့ ဓားကို ဆွဲထုတ်ပြီး အပေါ် ကို အားပြင်းပြင်း နဲ့ မြှောက်လိုက်ပြီး ၊ ထို ဓားသည် ဘုန်းကြီး ၏ ဦးခေါင်းဆီသို့ ဦးတည်သွားလေ၏။
“အဲဒါ ငရဲပဲ။ ” ဟု တီးတိုးညင်သာသော အသံ ဖြင့် ဘုန်းကြီး ၏ အသံ ကို သူ ကြားလိုက်ရသည်။ ထို့နောက် ဆာမူရိုင်းသည် ရွယ်ထားသော သူ၏ ဓားကို အောက်သို့ ပြန် ချလိုက်၏။
စက္ကန့် အနည်း ငယ် အတွင်း ၊ ဆာမူရိုင်း တစ်ယောက် အံ့ သြစရာကောင်းလောက်အောင် နူးညံ့ ကြင်နာမှု မေတ္တာ  တရားကို အသက်ကို ပဓာ န မထားပဲ အမှန် တရား ကို ပြသခဲ့ တဲ့ ဘုန်းတော်ကြီး ဆီက ရ လိုက်ပါတယ်။ သူက သူ့ရဲ့ ဓားကို ပြန်ချလိုက်ပြီး မျက်လုံးထဲမှာတော့ မျက်ရည်တွေနဲ့ ပြည့်နေတယ်။ ဘုန်းတော်ကြီး ကို လည်း အလွန် ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့် လိုက်တယ်။
“အင်း ၊ အဲ ဒါက ကောင်းကင် ဘုံ ပေါ့” ဟု ဘုန်းတော်ကြီးက ဆို လေ၏ ။
(ဘာသာပြန်သူ- ရွှေပိုးကောင်၊ Father John W.Groff Jr. ၏ The Secrets of Heaven and Hell  အား ဘာသာပြန် သည်။)

ရှုံး နိမ့် ခြင်းကို ကြောက်ရန်မလို


ရှုံး နိမ့် ခြင်းကို ကြောက်ရန်မလို
ကျွန်ုပ်တို့ မမှတ် မိပေမယ့် အများကြီး ရှုံး နိမ့်ခဲ့ကြသည်။
ပထမအကြိမ် စတင်လမ်းလျှောက်စဉ်က ချော်လဲခဲ့ဘူးသည်။
ပထမအကြိမ် ရေကူး စဉ်က ရေ နစ်ဖို့ နီးပါး ဖြစ်ဘူး ခဲ့သည်။
စာမေးပွဲ ကျရှုံး ဘူးကြသည်။
မိမိ လုပ်ရပ်အား လူအများက မေးငေါ့ ခြင်း ကို ခံ ခဲ့ ရဘူးသည်။

(i.)အများသိကြတဲ့ အဲ(လ်)ဘက် အိုင်းစတိုင်း
သူဟာ အသက် လေးနှစ်လောက် အထိ စကား မပြောခဲ့ ဘူး။ အသက် ခု နစ် နှစ် အထိ စာ ဖတ်ခြင်း မရှိ။ ဆရာမက သူ့ကို စိတ်ပိုင်းဆိုင်ရာ အားဖြင့် ချို့ ယွင်းသူ၊ လူ အများနှင့် သဟ ဇာတ ဖြစ်အောင် မနေနိုင်သူ၊ မဖြစ်နိုင်တဲ့ စိတ်ကူး အိပ်မက် တွေထဲမှာ အမြဲ မျောလွင့် နေသူ အဖြစ် သတ် မှတ် ခဲ့သည်။ ကျောင်းမှ ထုတ်ပယ် ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ Zurich Polytechnic School ၏ ၀င် ခွင့် မရခဲ့သူ ဖြစ်သည်။
(ii.) တေးရေးဆရာ ဘီသိုဗင်
တဖြည်းဖြည်း ချင်း အကြားအာရုံ ချို့ ယွင်းရာ မှ တစ် ဆင့် ၊ အသက် ၄၆ နှစ်တွင် နားမကြားသော အဆင့် သို့ ရောက်ရှိသွားခဲ့သည်။ နောက်ဆုံးမှာတော့ သူ့ရဲ့ အကြီး ကျယ်ဆုံး တေးသွား ကို ဖန်တီး နိုင်ခဲ့တယ်။ သံစုံတီးဝိုင်း အတွက် တေးသွားများ အပါ အ၀င် ဖြစ်သည်။
(iii.)သောမတ် အဲ(လ်)ဗာ အက်ဒီဆင်
မီးလုံးကို တီထွင် ဖြစ်ဖို့ သူဟာ စမ်းသပ်မှုပေါင်း ၂၀၀၀ ကျော်ကို လုပ်ဆောင် ခဲ့ရသည်။ ဂျာနယ်လစ် တစ်ယောက်က အဲလို ရှုံး နိမ့် မှု တွေကို ဘယ်လို ခံစား ရသလဲ လို့ မေးခွန်း ထုတ် ခဲ့ဘူးတယ်။
“မရှုံး ခဲ့ပါဘူး။ မီးလုံးကို တီထွင် နိုင်ခဲ့ပါတယ်။ အဆင့် ၂ooo ကို ဖြတ်ကျော် ပြု လုပ်ရတဲ့ ဖြစ်စဉ် လို့ မြင် မိပါတယ်။” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ရှုံး နိမ့် ခြင်းကို စိတ် မညစ်ပါနှင့်။
ကြိုးစားကြည့် ခြင်း မရှိသေးသော အခွင့် အရေးများဆုံးရှုံးသွားခြင်း ကို သာ စိတ်ညစ်ပါ။
(ဘာသာပြန်သူ- ရွှေပိုးကောင် ၊ Don’t be Afraid to Fail နှင့် Consider This ကို ပေါင်း၍ ဘာသာပြန်သည်။)

Saturday, December 1, 2012

သူငယ်ချင်းများနှင့် ပြန်လည် ဆုံတွေ့ရတော့မည်

ငယ်သူငယ်ချင်းတွေနဲ့ တစ်လောကမှ ကျွန်မ ပြန် လည် ချိတ်ဆက်မိခဲ့တယ်။ အားလုံးကတော့ သူ့နေရာနဲ့ သူ အောင် မြင် နေတာပေါ့။ ဒီတစ်လောမှာ ပြန်ငယ် သွားသလို ပြန် ခံစားနေရ တဲ့ ကျွန်မ Class Reunion ဆို တဲ့ စာ ပိုဒ် လေးကို ဘာသာပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
                                                                                      ရွှေပိုးကောင်

သူငယ်ချင်းများနှင့် ပြန်လည် ဆုံတွေ့ရတော့မည်
ဘယ်လောက် အံ့ သြ စရာ ကောင်းလိုက်သလဲ။ ဖုန်းတစ်ကော က လူတစ်ယောက်ရဲ့ ဘ၀ ကို နောက်ပြန် ရောက်စေသလိုပဲ။ အထက်တန်းကျောင်းက သူငယ်ချင်းတွေက နှစ် နှစ်ဆယ်မြောက် တွေ့ ဆုံပွဲ ကို ကမ်းလှမ်းလာတယ်။
သြော် အနှစ် နှစ်ဆယ် ကို တောင် ဖြတ်ကျော်ခဲ့ပြီ။ ကြက်သီးများတောင် ထသွားတယ်။ အရိုးများထိအောင် စိမ့်သွားတာပဲ။ ဒါပေမယ့် နဖူးမှာတော့ ချွေးတီးချွေးပေါက်တွေ ကျနေလေရဲ့။ ဘ၀ မှာ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်က ဘာတွေများ လုပ်ပြီးခဲ့ပြီလဲ။
မှန်ကို တစ်ချက် ကြည့်လိုက်သေးတယ်။ အရင်လို လှပတဲ့ တဲ့ ဆံပင်၊ ဆွဲဆောင်မှု အပြုံးတွေ မရှိတော့ဘူး။ နှစ်ခွဖြစ်နေတဲ့ မေး လေးကလည်း ပုံ မကျတော့ဘူး။
          သိပ်မကြာခင် ရောက်လာမယ့် အဲဒီနေ့တွေအတွက် တကယ်ကို အခက်အခဲကြီး တစ်ခု။ အဲဒီ အတွက် ရင် ထဲမှာ မပေါ့ပါး ဘူး ဖြစ်နေတယ်။ အဲဒီတော့ ကျွန်မကို အနှစ် နှစ်ဆယ် လောက် ငယ်သွားတယ်လို့ ထင်ရတဲ့ အ၀တ် အစားမျိုးကို ၀ယ်ဖို့ shopping ထွက်ပါတော့တယ်။ ၃ ထည် လောက် ၀ယ်လိုက်ပြီးမှ ကိုယ့်ကို ကိုယ် ဝေဖန်မိတာက “လူလတ်ပိုင်းတစ်ယောက်ရဲ့   အကျပ်အတည်း တစ်ခု ကို စတင် ခံစားနေရပြီ” လို့လေ။
          ကျွန်မလှေကားတက်တိုင်း အသံတွေကို ကြားရတယ်။ ဒူးချောင်လို့ မြည်တဲ့ အသံတွေပေါ့။ တကယ် ရယ်စရာပါ။ ဘ၀ ဟာ ကျွန်မ စီစဉ်ထားတဲ့ အတိုင်းဖြစ်မလာဘူးလေ။ ဒါပေမယ့်လည်း ပျော်ပါတယ်။ ကျွန်မမှာ ကျွန်မကို ချစ်တဲ့ မိသားစုလေးရှိတယ်လေ။ ကျွန်မရဲ့ နွေးထွေးတဲ့ အိမ်ကလေးက မိသားစုဝင်တွေ အတွက်တော့ ကျွန်မ က အတွင်းရေးမှုးပဲပေါ့။ ကျွန်မ လွန်ခဲ့ တဲ့ နှစ်နှစ်ဆယ်က အချိန်တွေကို ဖြုန်းမိခဲ့သေးလား?..
ကျွန်မရဲ့ သား အငယ်ဆုံးလေးကတော့ ကျွန်မရဲ့ ပုခုံးကို သိုင်းဖက်လိုက်တယ်။ “မေမေကြီးကို ချစ်တယ်။ မွှေးမွှေးပေးပါဦး”တဲ့။
ကျွန်မလွန်ခဲ့ တဲ့ နှစ်နှစ်ဆယ်ကို တွေးနေရင်းပဲ နောက် နှစ် နှစ်ဆယ် ကို မျှော်ကြည့်နေမိတယ်။
(ဘာသာပြန်သူ - ရွှေပိုးကောင် ၊ Lynne C. Gaul ၏ Class Reunion , Chicken Soup For The Soul ကို ဘာသာပြန်သည်။ )

အကောင်းမြင်ဝါဒီ


…အကောင်းမြင်ဝါဒီ သမားက ဒိုးနတ် (Doughnut) ကို မြင်ပေမယ့်၊ အဆိုးမြင်ဝါဒီ သမားကတော့ အလယ်ကောင်က အပေါက်ကို သာ မြင်သတဲ့။
                                                                                      McLandburgh Wilson
အကောင်းမြင်ဝါဒီ
ခွဲမရအောင်တူတဲ့ ညီအစ်ကို နှစ်ယောက်အကြောင်းပေါ့။ မျှော်လင့်ချက် အပြည့်နဲ့ အမြဲ အကောင်းမြင်နေသူက တစ်ယောက် ။ သူ အမြဲပြောတာက “အရာ အားလုံးက သူဖြစ်ချင်တာတွေထက်တောင် ပိုနေသေးတယ်တဲ့။”
နောက်တစ်ယောက်ကတော့ အမြဲဝမ်းနည်းနေတတ်ပြီး မျှော်လင့်ချက်တွေကင်းမဲ့နေတယ်လေ။ သူရဲ့ ခံယူချက်ကတော့ ဘယ် အရာပဲ ဖြစ်ဖြစ် အဆိုးတွေ ဖြစ်လာမယ်တဲ့လေ။ သူတို့နှစ်ယောက်ရဲ့ အမေကတော့ အစွန်း ရောက်နေတဲ့ သားနှစ်ယောက် ကို စိတ်ပူလွန်းလို့ ဒေသခံ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသခဲ့တယ်။
          ဆရာဝန်က  သူတို့ နှစ်ယောက်ရဲ့ အတွေးအမြင် ၊ အပြု အမူတွေ ညီမျှစေ ဖို့ အစီအစဉ် တစ်ခု ရေးဆွဲခဲ့တယ်။ သူတို့ရဲ့ မွေးနေ့ ရောက်တဲ့အခါ တစ်ယောက် တစ်ခန်းဆီထားပြီး သူတို့ရဲ့ လက်ဆောင်တွေကို ကြည့်စေဖို့ပါပဲ။ အဆိုးမြင်ဝါဒီ သမား အတွက်တော့ တတ်နိုင်သလောက်ထဲက အကောင်းဆုံး အရုပ်တစ်ခု ၊ အကောင်းမြင် ၀ါဒီ သမားအတွက်တော့ မြေဆွေး ပုံးလေး တစ်ပုံးကို ပေးဖို့ပါ။ မိဘတွေကလဲ အဲဒီ အတိုင်း လိုက်နာခဲ့ကြပြီး ၊ အဖြေကို စောင့်ကြည့်ခဲ့တယ်။
          သူတို့ အဆိုးမြင်ဝါဒီလေး ရှိတဲ့ အခန်းကို ချောင်းကြည့်လိုက်တဲ့အခါ ၊ “ငါ ကမှ ဒီ ကွန်ပျူတာရဲ့ အရောင်ကို မကြိုက်တာ… ဒီ ဟာ လဲ ပျက်မှာပါပဲ… ဒီ game ကို လည်း မကြိုက်ပါဘူး…တခြားတစ်ယောက်ယောက်မှာ ဒီအရုပ်ကားထက် ပို ကြီးတာ ရှိမှာပဲ…” ဆိုတဲ့ ညည်းညူသံ တစ်ချို့ ကို ကြားရတယ်။
          မိဘတွေက တော့ ခြေသံ မမြည် အောင် လမ်းလျှောက်လို့ နောက်တစ်ယောက်ရှိရာ နေရာကို ၀ရံတာ နားက နေ ချောင်းလေရဲ့။ သူတို့မြင်ရတာက သူတို့ရဲ့ သားဟာ မြေဆွေးတွေကို ဖွပြီး လေထဲမှာ ကြဲ ပြီး ပျော်ရွှင်နေတယ်။ ဒါ့ အပြင် တခစ်ခစ် ရယ်မောနေတယ်။ ဒါ့ အပြင် သူက ပြောလိုက်သေးတယ်။ “ဟား…ဟား..ဟား ၊ ငါ့ ကို အရူးလုပ်လို့ဘယ်ရမလဲ၊ ဒီလောက်တောင် မြေဆွေးတွေ များနေရင် ဒီနားမှာ နွားတစ်ကောင်တော့ရှိရမယ်။”
(ဘာသာပြန်သူ- ရွှေပိုးကောင်၊ Chicken Soup For The Soul , The Optimist အား ဘာသာပြန်သည်။)