Pages

Thursday, October 18, 2012

သူစိမ်းတစ်ယောက်(အပိုင်း ၁)


သူစိမ်းတစ်ယောက်(အပိုင်း ၁)
          ၁၉၆၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့၊ မှောင်ရီပျိုးစ အချိန်မှာ သူစိမ်းတစ်ယောက် Woodend ရွာ ကို ရောက် လာခဲ့တယ်။ ဒီတစ်ည အတွက် တည်းခိုစရာ နေရာ ကို ရှာဖွေလို့ပေါ့။ အတန်ကြာရှာဖွေပြီးနောက် အိမ် တစ်အိမ်ရှေ့ မှာ ခြေစုံ ရပ်ကာ တံခါး ခေါက်လိုက်သည်။ ခပ်၀၀အမျိုးသမီးကြီးတစ်ယောက်ထွက်လာပြီး သူ့အား တံခါး ဖွင့်ပေးသည်။
          “မင်္ဂံလာညနေခင်းပါ၊ အန်တီ၊ အချိန်က တော်တော်လင့်နေပါပြီ။ ကျွန်တော့်ကို ကျေးဇူးပြုပြီး တစ်ခုလောက် ကူညီပါလားခင်ဗျာ။ ဒီရွာမှာ တည်းခိုစရာ တည်းခိုခန်းများရှိရင် လမ်းညွှန်ပေးပါ လား ခင်ဗျာ။ ကျွန်တော် ဒီညတော့ ဒီရွာမှာပဲ နေချင်လို့ပါ ခင်ဗျာ။”
“တည်းခိုခန်း၊ ဟုတ်လား၊ ဟား…ဟား..ဟား…ဟား၊ ငါ့တူရယ် အန်တီကြီးတို့ရဲ့ Woodend ရွာ မှာ ဘာတည်းခိုခန်းမှ မရှိပါဘူး။ ပြောရတာတော့ အားနာပါတယ်ကွယ်။”  ဆိုပြီး သူစိမ်း ရဲ့ အမေးကို သဘောကျ စွာ ရယ်မော လေ သည်။
“အင်း၊ အဲဒါဆိုရင်တော့ ဒုက္ခ ပါပဲ အန်တီရယ်၊ ကျွန်တော်က ဒီ ရွာခံ မဟုတ်ပါဘူး။ မနက်ဖြန် ကျရင် လည်း ရွာကို လေ့လာချင်တော့ ….” ၊ ဟင်း…. ဆိုတဲ့ သက်ပြင်းရှည်တစ်ခုကို သာ ချလိုက်ပါတော့တယ်။
သူစိမ်းရဲ့ စကားပြောဟန်က အလွန်ယဉ်ကျေးတယ်။ အရပ် မြင့်မြင့်၊ ဆံပင်နက်နက်၊ မျက်လုံးစိမ်းနဲ့ ၊ ပုံစံ ကတော့ တကယ် ခန့် ခန့် ညားညားပါ ပဲ။
အတော် အတန် စဉ်းစားပြီး ခပ်၀၀ အမျိုးသမီးကြီးက “Mrs. Harrison က မင်းကို ကူညီ နိုင်လိမ့်မယ်ထင်တယ်။ သူမမှာ အခန်းရှိတယ်။ မင်း သူ့ ဆီမှာနေလို့ ရလောက်တယ်။ ခဏလေး မောင်ရင် အန်တီ ကုတ် အကျီ ၀တ်ပြီး သူ့ ဆီ မင်းကို လိုက်ပို့မယ် ” လို့ အကြံပေးလိုက်သည်။
အမျိုးသမီးကြီးက ထိုသူကို Mrs. Harrison ရဲ့ အိမ် ကို လိုက်ပို့ပေးခဲ့တယ်။ Mrs. Harrsion ကလည်း နေခွင့်ပေးတာကြောင့် ထိုသူကတော့ တော်တော်ဝမ်းသာသွားတယ်။ အောက်တိုဘာလရဲ့ နောက်ဆုံးညလေ။ အရမ်းလည်းအေးတာပေါ့။
နောက်တစ်နေ့ က တော့ တနင်္ဂံနွေနေ့လေ။ သူစိမ်းကတော့ ရွာကို ပတ် ကြည့်တယ်။ သူက ရွာရဲ့ သမိုင်းကြောင်းကို တော်တော်သဘော ကျသွားတယ်။ စိတ်လည်း ၀င်စားတယ်။ ရွာခံတစ်ချို့နဲ့ တွေ့ ဆုံပြီးမိတ်ဖွဲ့တယ်။ ဒါပေမယ့် ထူးခြားတာက အဲဒီ ည မှာ တခြား ရွာခံ တွေနဲ့ အတူ သူ church ကို တော့ မသွားဘူး။ ရွာခံတွေ Church ကျောင်းက ထွက်လာတဲ့ အချိန်မှာတော့ သူစိမ်း ကမရှိတော့ ဘူး။ ရွာသားတွေ အားလုံးကတော့ သူ့ ကို တော်တော်လေး သဘောကျကြတယ်။ အမျိုးသမီးလေးတွေကလည်း သူ့ကို တော်တော် ခန့်ပြီးတည်ကြည်တဲ့ လူတစ်ယောက်လို့ မှတ်ယူကြတာပေါ့။
ရက်သတ္တပတ် အနည်းငယ်ကြာတဲ့ အခါမှာတော့ သူ ပြန်ရောက်လာခဲ့တယ်။ ဒီဇင်ဘာလရဲ့ ပထမ ဆုံး တနင်္ဂံနွေနေ့လေ။ ရွာသားတွေကလည်း Church ကျောင်းထဲက ထွက်လာခါစ။ အလွန်အေးပြီး မှောင်မိုက်နေတဲ့ အချိန်ပေါ့။
“မင်္ဂံလာပါ ခင်ဗျာ။ ကျွန်တော် အခုပဲရောက်တာပါ။” လို့ မွန်ရည် တဲ့ အပြုံးနဲ့ နှုတ်ဆက်တယ်။ ဒါပေမယ့် သူ့ရဲ့ နောက်စကားတစ်ခွန်းက ရွာခံတွေကို အံ့အားသင့်စေခဲ့တယ်။
“ကျွန်တော် ဒီရွာမှာ အိမ်တစ်လုံး လောက်ဝယ်ချင်လို့ ရှာနေတာပါ။ ကူညီကြပါဦးခင်ဗျာ။ ”
          “ဒီရွာမှာ၊ ဘာလို့ ဒီရွာမှာ ၀ယ်မှာလဲ။ ဘာ စီးပွားရေးမှ ဒီရွာမှာ မဖြစ်ထွန်းဘူးနော်။ လူငယ်တွေတောင် ဒီရွာ ကို စွန့် ခွာသွားကြပြီး၊ ဒီနဲ့ အနီး ဆုံး Lidney ဆိုတဲ့ မြို့မှာ အလုပ်ရှာကြတာ” ဆိုပြီး ရွာခံ တစ်ယောက်က ရှင်းပြတယ်။
          “ကျွန်တော်ကတော့ တစ်နေရာရာမှာတော့ အလုပ် လုပ်ရမှာပါ။ Lidney မှာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။” လို့ လူစိမ်းက ရွာခံတွေကို ပြောတယ်။
          အဲဒီနောက် ရွာခံတစ်ယောက်က အဘိုးအို Mr. Smith ရဲ့ အိမ် ကို လိုက်ပြတယ်။ Mr. Smith ဆုံးပါးသွားခဲ့တာ နွေရာသီ ထဲ က ပဲ။ အိမ်တစ်ခု လုံးက လူမနေပါဘူး။ ရောင်းဖို့ အတွက် ပဲလေ။ လမ်းမကြီးနဲ့ Church သွားရာလမ်း ရဲ့ထောင့်မှာ ရှိတာပေါ့။ ရွာခံက “ကျွန်တော် ရောင်းမဲ့ ကိစ္စ ကိုမနက်ဖြန်ကျရင် မေးပေးထားမယ်။ ”
’’ကျွန်တော်ကံကောင်းမှာပါ။ နောက်မှတွေ့မယ်နော်။ ကျွန်တော်ပြန်လိုက်ဦးမယ်။” ဆိုပြီး လူစိမ်းက နှုတ်ဆက် ထွက်ခွာသွားလေ သည်။ ရွာခံတွေက သူ ထွက်ခွာသွားတာကို အတန် ကြာငေးကြည့် ပြီး ကျန်ခဲ့ကြသည်။ သူတို့ ထို သူစိမ်း ရဲ့ ကားကို လည်း မြင် လိုက်သည်။ ခပ်ကြီးကြီး ဇိမ်ခံ ကားမျိုးဖြစ်သည်။ သူ့ ကြည့်ရတာ ချမ်းသာပုံ ပေါက်သည်။
ရက် အနည်းငယ်ကြာတဲ့ အချိန်မှာတော့ Mr.Smith ရဲ့ အိမ် ကို ရောင်းဖြစ်သွားတယ်။ ဒီဇင်ဘာလလယ်လောက်မှာ အဲဒီ လူစိမ်း က သူ ပြန်ရောက်လာသည်။ သူ အိမ်ပြောင်းလာသည်။ ကြိုးကြိုးစားစား အိမ် ကို ပြင်ဆင်သည်။ ခေါင်မိုးကို ပြန် လဲတပ်သည်။ကွဲနေတဲ့ ပြတင်းပေါက်မှန်ကို လည်း တပ်သည်။ဆေးသုတ်သည်။ အခန်း အလှဆင်သည်။တစ်အိမ်လုံးကို ပြောင်းလဲပစ်သည်။
ဒါပေမယ့် ရွာခံတွေအတွက် အံ့ သြစရာ ကြီး တစ်ခု ပေါ် ပေါက်လာခဲ့သည်။ဒီဇင်ဘာလ ၂၁ ရက်နေ့ တနင်္လာံနေ့ နံနက်ခင်း ၊ သူတို့ အဲဒီ အိမ်ရဲ့ အရှေ့ မှာ ဆိုင်းဘုတ်   တစ်ခု ကိုတွေ့ လိုက်ရသည်။ ဆိုင်းဘုတ်ပေါ်မှာတော့ အောက်ပါ စကားလုံးကို ရေးထားတာကို တွေ့ရတယ်။
လမ်းထောင့်ဈေးဆိုင်                        ပိုင်ရှင်-Dave Slatin

ရွာခံတွေက မယုံ နိုင်လောက်အောင်ပဲ။ Woodend မှာ ဈေးဆိုင် တစ်ဆိုင် လာဖွင့်တယ်ဆိုတော့လေ။ လူတိုင်းရဲ့ပါးစပ်ဖျားမှာ အဲဒါ ကိုပဲ ပြောနေကြတယ်။ အရင်တုန်းကတော့ ရွာမှာ ဈေးဆိုင်တစ်ဆိုင် ရှိဘူးပါတယ်တဲ့။ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတည်းက ပိတ်လိုက်တာလေ။ တစ်ချို့ကတော့ ဈေးဆိုင်ဖွင့်တာကို ကြိုက်ကြတယ်။ တစ်ချို့ ကတော့ မကြိုက်ကြဘူး။ ရွာ ခန်းမထဲမှာ ရွာသားတွေ အကုန်တွေ့ကြမယ်။ လူစုံသက်စုံ ဖြစ်နေကြပြီ။ လူတိုင်းက တော့ အဲဒီဈေးဆိုင် အသစ်လေးကို စိတ်ဝင်စားနေကြလေရဲ့။
“လမ်းထောင့် ဈေးဆိုင်၊ အကြံကောင်းပဲ။ တို့တွေ Lidney ကို သွားပြီးဈေး ၀ယ်စရာ မလိုတော့ဘူး။” ဆိုပြီး ရွာသားတစ်ယောက်ကတော့ ပြောတယ်။ ထို့နောက် Mrs. Harrison အလှည့် ရောက်ခဲ့ တယ်။ သူမကတော့ အဲဒီ သူစိမ်း Dave Slatin ကို သဘောကျတယ်။ “ကျွန်မက တော့ သဘောတူတယ်။ ရွာမှာ ဆိုင်တစ်ဆိုင်ရှိတယ်ဆိုတာ ကောင်းတာပေါ့။ အစကတည်းက မှ ရွာ က ခြောက်ကပ်ကပ်နဲ့ ဆိုတော့ ရွာမှာ ဆိုင်တစ်ဆိုင်ရှိသင့်တယ်လေ နော်”။
“အဓိပ္ပါယ်မရှိလိုက်တာ။” လို့ Miss Brown ကတော့ ပြောပါတယ်။ သူမက ရွာက ဆရာမလေ။ ”Lidney က ရွာနဲ့ သိပ်မဝေးပါဘူး။ အဲဒီမှာ ဆိုင်တွေမှပုံလို့” ဟုဆိုက ဒေါကြီးမောကြီး ပြောလေ၏။
သိပ်မကြာမီမှာ အားလုံးက အော်ဟစ်ငြင်းခုန်ကြလေ၏။  ထို့နောက် Mr.Hart က ၀င်ပြောရတော့သည်။ သူက အသံသြဇာ အပြည့်ရှိတယ်လေ။ လူကောင် ကလည်း တော်တော်ကြီးတယ်။ “အားလုံးပဲနားထောင်ပေးကြပါ ခင် ဗျာ။” ဟု ဆိုကာ အသံ ကျယ်ကြီးနဲ့ အော်လိုက်ရတော့သည်။ “ငါတို့ အရင် ဘယ်တုန်းက မှ အငြင်းမပွားဖူးဘူး။ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်ပဲ။ဒီဈေးဆိုင်က ငါတို့ ကို ဒုက္ခ ဖြစ်စေတယ်” လို့ စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
“Mr. Slatin ကို လည်း ပြောခွင့်ပေးလိုက်ပါဦး။ သူ့ ဈေးဆိုင် ဆိုတော့ သူပြောပါစေဦး” ဟု ရွာခံ တစ်ယောက်က အကြံပေးတယ်။
“ရွာသူ၊ရွာသားများ ခင်ဗျာ။ ကျွန်တော် ဘယ်လို ဒုက္ခမျိုးကို မှ မဖြစ်စေချင်ပါဘူး။ ကျွန်တော် က ဒီရွာမှာ လူစိမ်းပါ ခင်ဗျာ။ ကျွန်တော်လည်း ရွာခံ ဖြစ်ချင်ပါတယ်။ မိတ်ဆွေ ဖြစ်ချင်ပါတယ်။ Woodend က ရွာသူ ရွာသားတွေရဲ့ စရိုက် သဘာဝ ကို ကျွန်တော် သဘောကျပါတယ်။” ဟု သူက ပြုံးရွှင်စွာ ပြောပါတယ်။ လူနည်းစုက တော့ လက်ခုပ်တီးကြတယ်။ သူ့ကို သဘောကျတဲ့ လူတွေလေ။
“လမ်းထောင့်ဈေးဆိုင်မှာ ပစ္စည်းတော်တော်များများရောင်းမှာပါ။ ကုန်ခြောက် ၊ အစားသောက် နဲ့ အိမ်ဆောက် ပစ္စည်းတွေ ရောင်းမှာပါ။ အားလုံးဟာ ဈေးနှုန်းသက်သာစေရပါမယ်။ ကျွန်တော်ဂတိ ပေးပါတယ်။”
အားလုံးက သူ့ ရဲ့ စကားကို သေချာ နားစွင့်နေကြလေ၏။ ”ကျွန်တော့် မှာ တစ်ခြား အကြံတစ်ခု ရှိပါသေးတယ်။ ရွာက ထွက်ကုန်တွေကိုလည်း ကျွန်တော်တင်ရောင်မှာပါ။” ဟုလူစိမ်း Dave Slatinက ပြောလေ၏။
“ရွာထွက်ပစ္စည်း ဆိုတာ မောင်ရင် ဘာကို ဆိုလိုတာလဲကွဲ့။” ဟု Miss Brown က မေးသည်။
“Miss Brown က ပေါင်မုန့် တွေ ကိတ်တွေ လုပ်တယ် ဆိုတာ ကျွန်တော် သိထားပါတယ်” ဟု Dave က ပြောခဲ့သည်။ Miss Brown က အပြုံးပန်းတွေ ဝေဆာသွားပါတယ်။ အမှန်တကယ်ပါပဲ။ သူမ ပေါင်မုန့် နဲ့ ကိတ်မုန့်တွေလုပ်တာ တစ်ရွာလုံး အသိပါ။
“Mr. Hart, ကျွန်တော် ခင်ဗျားရဲ့ စိုက်ခင်းမှာ အလွန် လှတဲ့ ပန်းတွေကို တွေ့ပါတယ်။”ဟု Dave က Mr.Hart ဘက်သို့ လှည့် ၍ ပြောလေ၏။ အခု Mr.Hart ရဲ့ မျက်နှာမှာလည်း အပြုံးတွေနဲ့ပေါ့။ အမှန်တကယ်ပါပဲ။ Mr. Hart ရဲ့ စိုက်ခင်းက ပန်းတွေကလည်း အတော် လှတာကို တစ်ရွာလုံးအသိပါ။
“Mr. Everett က အိုးတွေလုပ်တယ်။” လို့ ရွာခံ တစ်ယောက်ကထပြောတယ်။
“Mrs.Davies က လည်း အရုပ်တွေလုပ်တယ်။” လို့ တစ်ခြားသူတွေက ပြောကြတယ်။
အသက် ကြီးပြီဖြစ်တဲ့ Miss Lucy Gray ကလည်း “ကျွန်မက လည်း ပန်း ချီကားတွေဆွဲပါတယ်။” လို့ ပြောတယ်။
“ဟုတ်ကဲ့ပါ ခင်ဗျာ။ အားလုံးဟာ တစ်စုံတစ်ခု ကို တော့ လုပ်နိုငကြတာပဲ။ အားလုံးက ပါရမီ ရှင်တွေလေ။ အများကြီးကို လုပ်နိုင်ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံခြားသားတွေဆီကို ပြန်ရောင်းရင် အဆင်ပြေမှာပါ။ နွေရာသီရောက်လို့ ရှိရင် ဒီရွာမှာ အမြတ် အစွန်းတွေတော်တော်လေးရနေလောက်ပါပြီ။” လို့ Dave ကပြောတယ်။
“အမြတ် အစွန်းကို ကျတော့ ဘယ်လိုခွဲပေးမလဲ ” လို့ Mr. Hart က မေးပါတယ်။
“မေးခွန်းကောင်းပါပဲ။အဖြေက ရှိပါတယ်။ မိတ်ဆွေတို့ ရဲ့ ကုန်တွေကို ကျွန်တော့်ဆီ ယူလာခဲ့ပါ။ မိတ်ဆွေတို့ အစား ကျွန်တော်ရောင်းပေးပါမယ်။ အမြတ်တစ်ချို့ ကို ပဲ ကျွန်တော် ယူပါ့မယ်။ ကျန်တာကို မိတ်ဆွေတို့ ယူကြပါ။” ဟုDave က ဖြေပေးသည်။
Miss Brown နှင့် Mr. Hart လည်း သဘောတူလိုက်ကြသည်။ ရွာသား အားလုံးလည်း သဘော ကျသည်။ Dave ရဲ့ အစီ အစဉ်ကို ရွာ ခံ များ အားလုံး နှစ်သက်ကြသည်။
လမ်းထောင်းဈေးဆိုင်လေးကို ဇန်န၀ါရီ၊၄ရက် ၊ တနလာင်္ံနေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ သိပ်မကြာခင်မှာပဲ ဆိုင်လေးက အတော် အရောင်းသွက်လာသည်။ Dave ကို ကူညီပေးဖို့ ၀န်ထမ်းတစ်ယောက်လိုအပ်လာခဲ့သည်။ Anna ကတော့ ထို ဆိုင်လေးရဲ့ ၀န်ထမ်းဖြစ်လာခဲ့သည်။ သူမက ဇန်န၀ါရီနှောင်းပိုင်းလောက်က စပြီး အလုပ်ဝင်ဖြစ်ခဲ့တယ်။
လမ်းထောင့်ဈေးဆိုင်
WOODEND
ရွာ၏ ထွက်ကုန် များ
ပေါင်မုန့် ၊ ကိတ်မုန့် ၊ မျိုးစေ့ ၊ ပန်း၊ ပန်းချီ၊ အရုပ် စသည် ဖြင့်
(ရွာခံ များမှ ပြုလုပ်သည်။)ဆိုင်ဖွင့်ချိန်-Mon –Sat
Dave ကတော့ ကတိ တည်ပါတယ်။ ဆိုင်မှာ ရှိသမျှ ပစ္စည်းတွေကို အရည်အသွေးကောင်းကောင်း၊ သက်သက်သာသာ နဲ့ ရောင်းချပေးပါတယ်။Mrs.Harrison က “ဆောင်းရာသီဆိုပေမယ့် အသီး အရွက်တွေ တော်တော် ရောင်းရတယ်နော်။ဈေးလည်း သက်သာတော့ ငါကတော့ Lidney ကို မသွားတော့ဘူး။” ဟု ဆိုသည်။ တစ်ခြား ရွာခံတွေကလည်း ထောက်ခံကြသည်။ လမ်းထောင့်ဈေားဆိုင်လေးကတော့ တော်တော် အောင်မြင်နေပါပြိ။Dave ကလည်း ပျော် ရွှင်နေပုံရပါတယ်။သူက Anna ကို လည်း လစာကောင်းကောင်းပေးထားတယ်လေ။ တစ်ခါတစ်ရံ Anna ရဲ့ သူငယ်ချင်း Peter ကလာကူညီလို့ သူ့ ကိုလည်းမုန့်ဖိုးပေးသေးတယ်။ Dave က သတင်းစာထဲတောင် ကြော်ငြာ ထည့်လိုက်တာပါ။ သူ့ဆိုင်ရဲ့ ၀ယ်လိုအားများတဲ့ ရွာထုတ်ကုန် တွေ အကြောင်းလေ။ WOODEND ရွာကို လာရောက်လည်ပတ်သူတွေလည်း တိုးလို့လာခဲ့တယ်။ ရွာကလည်း ပို မို စိတ်ဝင်စားစရာကောင်းလာခဲ့တယ်။ ရွာသားတွေကတော့ လက်ဖျားခါလောက်အောင် အံ့ သြ ကြတာပေါ့။ ဒါပေမယ့် စိတ်ထဲမှာတော့ ကျေးဇူးတွေတင်နေကြတယ်။ သူတို့ အမြတ်အစွန်းတွေ အများကြီးတိုးပြီလေ။
Dave ကတော့ တစ်ကိုယ်တည်း သမားပါ။ သူက ဆိုင်ရဲ့ ထပ်ခိုး ခန်းမှာနေတယ်လေ။ သူကတော့ ရွာမှာ မင်းသားပဲလေ။ ပေါ်ပျူလာ အဖြစ်ဆုံးပေါ့။ ဒါပေမယ့်။ သူ့ရဲ့ အခန်း ကို တစ်ယောက်မှ မရောက်ဖူးဘူး။ အထဲမှာ ဘာတွေရှိလဲဆိုတာလည်း မသိ ကြဘူးပေါ့။ လှေခါးဂွင် ရဲ့ အောက်ဘက်မှာ အခန်း နှစ်ခန်း ရှိတယ်။ တစ်ခန်း က ပစ္စည်းတွေ သိုလှောင်ထားတဲ့ အခန်းပေါ့။ နောက် တစ်ခန်း ရဲ့ တံခါး မှာ တော့ သတိပေးစာ လို ပုံစံ မျိုးတစ်ခု ကပ်ထားတယ်။ “အထူးအမှာစာများအတွက် သီးသန့်”တဲ့။ အဲဒီအခန်း တံခါးကတော့ အမြဲတမ်း သော့ ခတ်ထားလေ့ရှိတယ်။ Anna တောင် အဲဒီထဲ မ၀င်ဖူးဘူးလေ။
“ဘာလို့ အဲဒီ အခန်းရဲ့ တံခါးကို အမြဲပိတ်ထားရတာလဲ Dave ၊ အထဲမှာ ဘာတွေရှိလဲဟင်။ ” ဟု Anna က သိချင်စိတ် ပြင်းပြစွာဖြင့် မေး ခဲ့သည်။” အဲဒါက အထူး အော်ဒါမှာယူသူတွေအတွက်ပေါ့။ အကြီးစား အော်ဒါတွေ လက်ခံ ဖို့ အတွက်လေ။” ဟု Dave က ဖြေသည်။ ”ဒါပေမယ့်လည်း WOODEND မှာတော့ အဲလို မရနိုင်ဘူးလေ နော်။ ” ဟု Anna က Dave ၏ မျက်နှာ ကို တည့်တည့်ကြည့်၍ ပြောသည်။ Dave ကတော့ တစ်ခွန်းမျှ ပြန်၍ မပြောတော့ ။ ဒီ အခန်း အကြောင်း နှင့် ပတ်သက်ပြီး သူ ဘာမျှ မပြောချင်သောကြောင့် ဖြစ်သည်။
သုံးလခန့်ကြာပြီးနောက်….
ဆိုင်နှင့်ပတ်သက်တဲ့ အရာအားလုံးက တော့ ပုံမှန်ဖြစ်နေခဲ့သည်။ တစ်နေ့သော ဧပရယ်လတွင် ထူးခြားတဲ့ customer တစ်ယောက် ဆိုင်ကို ရောက်လာခဲ့တယ်။ အဲဒီcustomer အသစ်က တော်တော်လေး ချော တယ်။ အ၀တ်အစားတွေအားလုံးကလည်း ဈေးကြီးကြီးထဲကပဲ။ စီးလာတဲ့ ကားကလည်း အကောင်းစားလေ။
“လမ်းထောင့်ဈေးဆိုင်ဆိုတာ ဒီနေရာ ဟုတ်ပါသလားရှင်” လို့ သူမက မေးတယ်။ သူမက ဆိုင်ရဲ့ ပတ်ပတ်လည်ကို လိုက်ကြည့်ပြီး အနည်းငယ်တော့ အံ့ အားသင့်ဟန်တူတယ်။ Anna ကလည်း “ဟုတ်ကဲ့ပါရှင်။ ဒါက လမ်းထောင့် ဈေးဆိုင်ပါပဲ။ တစ်ရွာလုံးမှာ ဒီတစ်ဆိုင်ပဲရှိတာပါရှင့်။”လို့ နွေးထွေးတဲ့ အပြုံးနဲ့ ဖြေလိုက်တယ်။
“ကျွန်မက Mr. Slatin ကို ရှာတာပါရှင်။ ဒီဆိုင်ရဲ့ ပိုင်ရှင်လေ။” ဟု ခပ်ချောချော အမျိုးသမီးကပြောတယ်။”သူ အပေါ် ထပ်မှာ ဖြစ်ပါလိမ့်မယ်ရှင် ။ ကျွန်မ ခေါ်ပေးပါမယ်။ ဘယ်သူလို့ပြောပေးရမလဲရှင်။” ဟု Anna က သွက်သွက်လက်လက်လေး မေး လိုက်ပါတယ်။ မိန်းမချောက “ဟုတ်ကဲ့ ။……” ဟု အတန်ကြာ တိတ် ဆိတ် နေပြီးမှ “Miss Greta Gordon လို့ပြောပေးပါရှင်။”
Anna တော်တော်လေး အံ့ အားသင့်သွားတယ်။ “အမက Miss Greta Gordon, နာမည်ကြီးမင်းသမီးလေ။”ဟု Anna က မေးလိုက်မိသည်။ “ဟုတ်ကဲ့ ကျွန်မပါပဲရှင်။” ဟုပြောကာ ထို မင်းသမီးက Anna အား ပြုံးပြတယ်။ ဒါပေမယ့်သူမရဲ့ ပုံစံက တစ်ခုခုကို ကြောင့်ကြနေတဲ့ပုံစံပဲ။”ခဏလေး စောင့်ပေးပါနော်။ Mr. Slatin ကို အမ ရောက်နေတဲ့ ကြောင်းပြောပေးပါ့မယ်။” ဟု Anna က ဆိုသည်။
Anna က လှေကားအောက်ထစ်ကနေ အော်ခေါ်ပေးသည်။ “Dave…Dave, ဒီမှာ ရှင့် ကို တွေ့ ချင်လို့ ဧည့်သည်ရောက်နေတယ်။”
“ဘယ်သူ ရောက်နေတာလဲ” ဟု Dave က အပေါ်ထပ် သူ့ရဲ့ အခန်းထဲက နေ မေး လိုက်တယ်။”မင်းသမီး Greta Gordon ရောက်နေတာ” လို့ Anna က ထပ်ညွှန်းပြောဆိုလိုက်တယ်။ Dave က ချက်ချင်းဆိုသလို အောက်ထပ်ကို ဆင်းလာခဲ့တယ်။ “တွေ့ရတာ ၀မ်းသာပါတယ်။ Miss Greta Gordon ” ဟု Dave က နှုတ်ဆက်လိုက်တယ်။ “မင်္ဂံလာ နံနက်ခင်းပါ” လို့ Greta Gordon ကလည်း ပြန် ပြောပါတယ်။ပြီးတော့ သူတို့ နှစ်ယောက်လက်ဆွဲနှုတ်ဆက်ကြတယ်။ သူမရဲ့လက်လေးတွေက တော်တော်လှတာပဲ။ စိန်လက်စွပ်ကိုလည်း ၀တ်ထားသေးတယ်လေ။ Anna က အဲလောက် လှတဲ့ စိန် ကို အရင် ဘယ်တုန်းကမျှ မတွေ့ ဖူးခဲ့ဘူး။ Miss Gordon က အခန်းရဲ့ ပတ်လည်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး ၊ “Mr. Slatin  ၊ ဒါ ရှင့်ရဲ့ အလုပ်ခန်းလား။” လို့မေးတယ်။
“ဟုတ်ကဲ့ပါ။အခန်းက ကျဉ်းပေမယ့် ကျွန်တော့် အတွက်တော့ အတော် ကျယ်ပါတယ်။ Miss Gordon ကျွန်တော် နဲ့ လိုက်ခဲ့ပါ။” ဟု Dave ကပြောတယ်။ Dave နှင့် Greta Gordon တို့ ဟာ တစ်ယောက် ကို တစ်ယောက် မသိကြပါဘူး။ ဘာလို့လဲဆိုတော့ နာမည်ကို “Greta” ဆိုပြီး အဖျားဆွက်ခေါ်တာမျိုးတွေ မရှိဘူးလေ။ သူမက လည်း သူ့ကို “Dave” လို့ ခေါ်တာ မကြားမိဘူး။ Dave က အလျင်လိုနေပြီး ၊ သူမရဲ့ စိတ်က ကစဉ့် ကလျားဖြစ်နေပုံပဲလေ။
Dave နှင့် Greta Gordon က “အထူးအမှာစာများအတွက် သီးသန့်”ဆိုတဲ့ အခန်းထဲကို ၀င်သွားကြတယ်။ Greta Gordon က အထူးအော်ဒါ မှာတဲ့ customer!!!! တော်တော်တော့ ထူးဆန်းနေတယ်။ ဆိုင်ကို ထားပြီး သူငယ်ချင်း Peter ကို တောင် ပြေးပြောချင်စိတ်တွေပေါက်လာတယ်။ ဒါပေမယ့် ဆိုင်ထိုင်ရဦးမယ်လေ။ ၁၀ မိနစ်လောက်ကြာတဲ့ အချိန်မှာ Greta Gordon က “အထူး အမှာစာများအတွက် သီးသန့်” ဆိုတဲ့ အခန်းထဲက ထွက်လာခဲ့တယ်။ သူမကြည့်ရတာ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ။ မျက်နှာက သွေးမရှိတဲ့ပုံနဲ့ ငိုထားလို့ သူမရဲ့မျက်လုံးတွေက နီရဲနေတယ်။ “ဘာဖြစ်လို့လဲ Miss Gordon ။ ကျွန်မ အကူအညီပေးရမလား။” ဟု Anna ကမေးလိုက်တယ်။ ”ဘာမှ မဖြစ်ပါဘူး …. ညီမလေး ..” ဟု Miss Gordon က တုန်ယင် နေသော အသံ ဖြင့် ပြန် ပြောသည်။
“ထိုင်ပါဦးလား” ဟု ဆိုက Anna က ခုံ ယူပေးသည်။ မင်းသမီးက ခေါင်းကို လက်ဖြင့်ထောက်၍ အတော်အတန် မူးဝေနေဟန် ဖြင့် ထိုင်၍ အနားယူသည်။
“ကျွန်မ ဆရာဝန် ခေါ် ပေးရမလား။”ဟု Annaကမေးသည်။”မလိုဘူး၊ မလိုဘူး…မလိုပါဘူး။” ဟု မင်းသမီးက ခါးခါး သီးသီး ငြင်းသည်။ “ကျေးဇူးပြုပြီး ကျွန်မ ဒီလာတယ်ဆိုတာကို ဘယ်သူ့ကို မျှ မပြောပါနဲ့။ ဘယ်သူ့ကို မျှ…” ဟု Miss Gordon က ကြောက်လန့် တကြား Anna ကို မှာနေသည်။
Anna ကတော့ စိတ်ထဲမှာ ထင့်သွားသည်။ Greta Gordon အကြောင်းကို လူတိုင်းကို ပြောပြချင်တာပေါ့။ သူမရဲ့ ကျော်ကြားတဲ့ customer အကြောင်းကို လူတိုင်းကို ကြွားလုံးထုတ် ချင်တာပေါ့။
Miss Greta Gordon က “လက်ဆောင်လေးတစ်ခု ပေးခဲ့မယ်။” ဟုဆိုကာ သူမရဲ့ ဓာတ်ပုံလေးကို ထုတ်ပေးပြီး sign ထိုးပေးခဲ့တယ်။ “ဒီပုံလေး ကို လည်း သိမ်းထားပါ။ ဒီ လျှို့ဝှက်ချက်ကို လည်း မပေါက် ကြားပါစေနဲ့” လို့ Anna ကို အသေအချာ မှာခဲ့တယ်။ ရုပ်ရှင်မင်းသမီးက Anna ကို ထွေးပွေ့ပြီး နမ်းတယ်။သူမက Anna ရဲ့ လက်လေးကို ကိုင်ပြီး ဆုပ်ထားတယ်။
အဲဒီအချိန်မှာ Anna တွေးနေတာက ဘယ်လောက်တောင်ချောတဲ့ အမျိုးသမီးလဲ။ ဘယ်လောက်တောင်လှတဲ့ လက်ကလေးလဲ။ အဲဒီ အချိန်မှာ Anna သတိ ပြုမိလိုက်တာက အဲဒီ မင်းသမီးရဲ့ လက်ပေါ်က စိန်လက်စွပ် မရှိတော့ဘူးဆိုတာပါ။
Dave ကတော့ Greta Gordon အကြောင်းကို ဘယ်တော့မှ မပြောပါဘူး။ သူမလာလည်တယ် ဆိုတာကို ရောပေါ့။ တစ်နေ့ မှာတော့ Anna က အဲဒီမင်းသမိး အကြောင်းကို စတင်မေးပါတယ်။ “Greta Gordon နဲ့ ဘယ်လိုသိကြတာလဲဟင်။ Dave ရဲ့ သူငယ်ချင်းလား။”
“သူမနဲ့ ပတ်သက်ပြီး ငါ မပြောချင်ဘူး။သူမက အထူးအော်ဒါ မှာသူ သက်သက်ပဲ။ အဲဒီထက်ပိုပြီးဘာမှ မမေးနဲ့။” လို့ Dave က Anna  ကို ပြောပါတယ်။
အဲဒီတော့ သူမကလည်း မမေးတော့ဘူး။ သူမမှာ တဲ့ အထူးအော်ဒါအကြောင်းရော၊ စိန်လက်စွပ် အကြောင်းကိုရောပေါ့။ ကတိလည်း တည်ပါတယ်။ အဲဒီမင်းသမီးနဲ့ ပတ်သက်ပြီး ဘယ်သူ့ ကို မျှ မပြော ပြခဲ့ဘူး။
ဆောင်းဦးရာသီကို ရောက်လာခဲ့ပြီ။ Anna နဲ့ Dave ကတော့ အလုပ်တွေများနေကြဆဲ။ Mr . Hart က သူ့ ခြံထွက် ပန်းတွေ အမြဲလာပို့သလို Anna ကလည်း ခရီးသွား နိုင်ငံခြားသားတွေကို ရောင်းပေးလေ့ရှိတယ်။ ဒီ နှစ်ကတော့ ခရီးသွားတွေ အတော်များသား နဲ့။
မေလ မှာတော့ Peter က Anna ကို လက်ထပ်ခွင့်တောင်းတယ်။ သူမကလည်း ခေါင်းညိမ့်လိုက်တယ်။ ဒီလိုနဲ့ပဲသူတို့ စေ့စပ်လိုက်ကြတယ်။ နောက်နှစ်ကျရင် လက်ထပ်ဖို့ ဆိုပြီး အစီအစဉ် ဆွဲထားတာပေါ့။ လက်ထပ်ဖို့ ပိုက်ဆံ လိုတော့နှစ်ယောက်လုံး အလုပ်ကြိုးစားပြီး ပိုက်ဆံစုကြတယ်။ တစ်ယောက်ကို တစ်ယောက်လည်း အရမ်းချစ်ကြတယ်လေ။
စနေနေ့ဆိုရင် Peter က ဘောလုံးကန်တယ်။Anna ကတော့ Lidney ရုပ်ရှင်သွားကြည့်နေကြလေ။ Peter ကဘောလုံးကန် ခြင်းမှာ ပျော်ရွှင်ပြိး Anna ကတော့ ရုပ်ရှင်ကြည့်ရတာ နှစ်ခြိုက်လို့လေ။
တစ်နေ့မှာ Anna က ရုပ်ရှင် သတင်းကို တွေ့ပြီး စာမျက်နှာတွေကို လှန်ကြည့်တယ်။ Greta Gordon ရဲ့ ပုံကိုတွေ့တယ်လေ။ Anna က အရမ်း ကို ၀မ်းသာသွားတယ်။ အံ့သြဖို့ကောင်းလိုက်တာ။ “Beautiful Woman ” ဆိုတဲ့ ဇာတ်ကားက ရုပ်ရှင်ကားကြီး တဲ့။ Greta Gordon က ခေါင်းဆောင်မင်းသမီး…..
*********************************************************
FILMS NEWS
Beautiful Woman မှ ခေါင်းဆောင်မင်းသမီး Greta Gordon
          Greta Gordon က ခေါင်းဆောင်မင်းသမီး ဖြစ်ခဲ့ပါပြီ။ “ကျွန်မ အရမ်းကံကောင်းခဲ့တာပါ။ခေါင်းဆောင်မင်းသမီးနေရာ ကိုလိုချင်နေခဲ့တာပါ။ ကိုယ့်ကိုကိုယ်တောင် မယုံ နိုင်ခဲ့ပါဘူး။” လို့ Greta Gordon ကေ ပြာဆိုခဲ့ပါတယ်။
အရင် က Beautifu Woman ဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသမီးနေရာမှာ မင်းသမီးJoanne Leigh က ရှိနေခဲ့တာပါ။ ဒါပေမယ့် မင်းသမီး Joanne Leigh က ရုတ်တရက် လက်ကျိုးခဲ့ပါတယ်။ “ကျွန်မလည်း ဘယ်လို ဖြစ်သွားမှန်း မသိခဲ့ပါဘူး။ အိပ်ယာပေါ်မှာ အိပ်နေရင်းနဲ့ ပြုတ်ကျပြီး လက်ကျိုးခဲ့တာပါ။” လို့ Joanne Leigh ကပြောကြားခဲ့ပါတယ်။
*********************************************************
Anna က Peter ကို Greta Gordan အကြောင်းပြောပြချင်ပေမယ့် ကတိကို ထိန်းထားရတာကြောင့် မပြောဖြစ်ခဲ့ဘူး။
“Dave ကြည့်ပါဦး။ Greta Gordon က ခေါင်းဆောင်မင်းသမီးဖြစ်သွားပြီနော်။” ဟု Anna က စကားစသည်။”ကျွန်တော် ရုပ်ရှင်နဲ့ပတ်သက်ပြီး မသိပါဘူးဗျာ။ Greta Gordon က နာမည်ကြီးမင်းသမီးလား။” ဟု Anna အားမေးလိုက်သည်။
Anna က ရယ်မော၍ “ဟုတ်တယ်လေ။ခိ…ခိ….ခိ။ သူမက မင်းသမီးပဲ။ အရမ်းမိုက်တာ။”ဟု ပြောသည်။ Dave ကတော့ စိတ်ဝင်စားပုံမပေါ်။ ”သူမ ခေါင်းဆောင်မင်းသမီးဖြစ်ရတာကို ပျော်မယ်လို့တော့ မျှော်လင့်ပါတယ်။” ဆိုတာလောက်သာ Dave ကပြောပါတယ်။
(ဘာသာပြန်သူ-ရွှေပိုးကောင် ၊ Norman Whitney ၏  The Stranger ကို ဆီလျော်အောင် ဘာသာပြန်သည်။)



Sunday, September 30, 2012

ဒါပေမယ့် မင်း


ဒါပေမယ့် မင်း
မင်းကို ငါ မျက်တောင် မခတ်တမ်းကြည့်ပြီး သဘောကျနေခဲ့တယ်။
မင်း တွေ့သွားတယ်လို့ထင်ခဲ့တာ။ ဒါပေမယ့်မင်း မတွေ့ခဲ့ပါဘူး။
…..
ချစ်တယ်လို့ပြောပြီး မင်းဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်စားခဲ့တယ်။
မင်းကြားတယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် မင်းမကြားခဲ့ပါဘူး။
…..
ငါနဲ့ အတူ ကစားဖို့ မင်းကိုတောင်းဆိုခဲ့တယ်။
မင်းလိုက်မယ်လို့ထင်ခဲ့တယ်။ ဒါပေမယ့် မင်းမလိုက်ခဲ့ပါဘူး။
….
မင်းအတွက် ဆိုပြီး ငါ ပုံတစ်ပုံဆွဲခဲ့တယ်။
မင်း သိမ်းထားမယ်လို့ထင်ခဲ့တာပေါ့။ ဒါပေမယ့် မင်း တန်ဖိုးမထားခဲ့ပါဘူး။
…..
ငါ တောင်တန်းတွေ ကြားမှာယာယီ ရွက်ဖျင်တဲလေးတစ်လုံး ထိုးထားခဲ့တယ်။
မင်း ငါနဲ့ အတူ ပျော်ပွဲစား ထွက်မယ် အထင် နဲ့ပေါ့။ ဒါပေမယ့် မင်း မလိုက်ခဲ့ဘူး။
…..
ငါ မင်းကို ရင်ဖွင့်ဖို့ လိုအပ်ခဲ့တယ်။
မင်း အားပေး နှစ်သိမ့်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် မင်း ငါ့ဘေးမှာမနေပေးခဲ့ဘူး။
……
ငါ့ရဲ့ နုပျိုမှုတွေကို မင်း နဲ့ အတူ ကုန်ဆုံးဖို့ တောင်းဆိုခဲ့တယ်။
ငါကတော့ မင်းဟာ ငါ့ဘ၀ လို့ထင်ခဲ့တာပေါ့။ ဒါပေမယ့် မင်း ထွက်သွားခဲ့တယ်။
……
ငါဟာ နိုင်ငံတော် အတွက် စစ်ချီဖို့ ဖြစ်လာခဲ့တယ်။
မင်းကငါ့ကို ဘေးရန်ကင်းစွာ ပြန်လာနိုင်ဖို့လိုလားခဲ့တယ်။
ဒါပေမယ့် ငါ ပြန်မလာနိုင်ခဲ့ဘူး။
(သေခြင်းတရားဆိုတာ စိန်ခေါ်မှု တစ်ရပ်ပါပဲ။ ချစ်ရဲ့သားနဲ့တော့ တစ်ဦးကို တစ် ဦး နာကျင်စေပြီး အချိန်တွေ ဖြုန်းမနေပါနဲ့ by Leo Buscaglia….)
ဘာသာပြန်သူ-ရွှေပိုးကောင်၊ Stan Gebhardt ၏ But You Didn’t အား ဘာသာပြန်သည်။

Sunday, September 23, 2012

နောက်ဆုံး ဂျယ်လီ တစ်ခွက်


နောက်ဆုံး ဂျယ်လီ တစ်ခွက်
ကလေးတွေက ဂျယ်လီ နဲ့ မြေပဲ ပေါင်မုန့် ညှပ်တွေ နှင့်အတူ ကြီးပြင်း ခဲ့ပြီ။ ကျွန်မ နဲ့ ကျွန်မ ခင်ပွန်းကတော့ တစ်ခါ တစ်ရံ ညဘက်ဆို နို့်တစ်ခွက်ကို ဂျယ်လီ၊ မြေပဲ ပေါင်မုန့်ညှပ်လေးတွေနဲ့သောက် ခဲ့ကြသေးတာ။ Sandwich ကို ဖန်တီး ပေးခဲ့တဲ့ Mr. Sandwich ကိုယ်တိုင်ကလည်း ကျွန်မနဲ့ ထပ်တူ သဘောတူညီမှာပါ။ Sandwich လေးတွေရဲ့ ကြားမှာ မြေပဲယို နဲ့ ဂျယ်လီ ကို စုပေါင်းစပ်ပေါင်းလေးထည့်ပေးတာကိုလေ။ ဂျယ်လီ ကောင်းမှန်ရင် ခံတွင်းတွေ့စေတယ်တဲ့။ အိမ်လုပ် ဂျယ်လီ ကတော့ ကျွန်မရဲ့ ရွေးချယ်မှုပဲလေ။
အိမ်လုပ်ဂျယ်လီဆိုလို့ ကျွန်မကိုယ်တိုင် လုပ်တာ မဟုတ်ပါဘူး။ ကျွန်မယောက္ခမကြီးရဲ့ လက်ရာလေ။ သူမက ရသာခဲ တွေကို တရားလွန် တရားမဲ ထည့်တာမျိုးတော့ မဟုတ်ပါဘူး။ စပျစ်သီး ၊ ဒါမှမဟုတ်ရင် ရှမ်းဆီးသီး နဲ့ လုပ်လေ့ ရှိတယ်။ အမျိုးတွေလာတဲ့နေ့မျိုးဆို ပေါင်မုန့်ညှပ်နဲ့ ဧည့်ခံမယ်ဆိုပြီးရွေးချယ်လိုက်မိတာပါပဲ။ မြေပဲထောပတ် နဲ့ ဂျယ်လီလေးကို ပေါင်မုန့်ကြား လေးမှာ ညှပ်ပေးလိုက်ရတာက ကျွန်မအတွက်တော့ အလွယ်ကူ ဆုံးပဲလေ။ ကျွန်မ ကတော့ အရသာ နှစ်မျိုးလုံး ကို သဘောတွေ့ပါတယ်။ ရေခဲသေတ္တာ ထဲမှာပဲဖြစ်ဖြစ် ၊ ကြောင်အိမ်ထဲမှာပဲဖြစ်ဖြစ် မြေပဲထောပတ် နဲ့ ဂျယ် လီ ကိုတွေ့ ရင် ယူ စားနေကြလေ။ ကျွန်မကတော့ ဘယ်တော့မှ အလွတ်ပေးလေ့ မရှိဘူး။
ကျွန်မတို့ ယောက္ခမကြီးအိမ် သွားလည်ပြီဆိုရင် အလွန် အရသာ ရှိလှတဲ့ ဂျယ်လီ တွေကို ဘူး ကြီး ကြီးတစ်ဘူးထဲ ထည့် ၊ အသေအချာ ပိတ်ပြီး ကလေးတွေ စားဖို့ အတွက် အပြန် ကျရင် ထည့် ပေးလိုက်သေးတာလေ။ ကျွန်မရဲ့ အိမ်ထောင်သက် ၂၂ နှစ် တစ်လျှောက် လုံးမှာ ဂျယ်လီကို မိသားစုအတွက် လုပ်ပေးချင် ပေမယ့် ဂျယ်လီ တစ်ခွက် ကတော့ အမြဲတမ်း ရှိနေခဲ့တာလေ။ အမြဲတမ်း မှ အမြဲတမ်း ပါ ပဲ။ အဲဒီတော့ ကျွန် မ လုပ်ဖြစ်သွားတာက ဂျယ်လီကို စားဖြစ် နေတာပဲလေ။ ဂျယ်လီ လုပ်တယ် ဆိုတာက ကျွန် မ ယောက္ခမကြီးရဲ့ ဘ၀နေနည်း လို့တောင် ပြောရမလို ဖြစ်နေပါပြီ။
သူမကတော့ ဂျယ်လီ ကို ရိုးရာဓလေံ လုပ်ထုံးလုပ်နည်း အတိုင်းလုပ်တာပါ။ ဂျယ်လီလုပ်ပြီးရင် သစ်သီးလေး တွေကို အပေါ် ကနေ ဖြူးပြီး စင် လေးပေါ်မှာ လေသလပ်ခံ ထားလိုက်သေးတာ။ ပြီးရင်တော့ ကြောင်အိမ်ထဲမှာ အစီ အရီလေးထည့်သိမ်းပေးထားတယ်လေ။
          ကျွန်မရဲ့ယောက္ခထီး ကြီးက တော့ ဆုံးပါးသွားတာ နှစ်တော်တော်ကြာခဲ့ပြီ။ ယောက္ခမကြီးကတော့ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာက ကွယ်လွန်ခဲ့ပြီလေ။
သူမရဲ့ သားသမီးတွေအကုန် လုံး ကလည်း အမွေတွေခွဲဝေ ယူပြီးကြပြီဆိုတော့ သူမရဲ့ အိမ်မှာကျန်ရှိတာက စည်သွပ်ဘူးလိုဘူးမျိုးတွေပဲလေ။သူမရဲ့ သားသမီးတွေကတော့ အာလူးဖျော်ရည်၊ ပဲစိမ်းစေ့ ဂျယ်လီတို့ကိုပဲရွေးယူသွားကြတယ်လေ။ ကျွန်မရဲ့ ခင်ပွန်းသယ်လာခဲ့တဲ့ ဘူး ကို လည်း ကျွန်မက သေသေချာချာ ကြောင်အိမ်ထဲမှာသိမ်းရတာပေါ့။
နောက်တစ်နေ့ မှာ ကျွန်မ သူမ အိမ် ကို ရောက်ပါတယ်။ ကျွန်မတို့ကို လုပ်ပေးနေကျဂျယ်လီမျိုးတွေ ရှိဦးမလားဆိုပြီးတော့ပေါ့။ အဲဒီမှာပဲ။ စပျစ်သီး ဂျယ်လီဘူးလေး က သူတစ်ယောက်ထဲ ထိုင်နေသယောင်။ အဖုံးကတော့ သံချေားအနည်းငယ် တက်နေပါပြီ။ အနက်ရောင် ဆော့ပင် နဲ့ စပျစ် ဆိုပြီးတော့လည်း ရေးထားသေးတာ။ အောက်ဘက်မှာလည်း လုပ်ခဲ့ တဲ့ ခုနှစ် လည်းပါတယ်။ တိတိကျကျပဲ။ သေချာအောင် ကျွန်မ ကြောင်အိမ်တံခါးကိုဖွင့်ကြည့်လိုက်သေးတယ်။ အင်း အဲဒီမှာ နောက်ဆုံးဂျယ်လီတစ်ခွက် ကျန်နေသေးတယ်။ စတိုးဆိုင် က ဂျယ်လီ ကို ပဲဝယ်စားနေရတာကြာပြီလေ။ ဒါပေမယ့် သူမ ဆေးရုံတက်နေတုန်းက တောင် ကျွန်မတို့ အပြန်ကို ဂျယ်လီတစ်ဘူး နောက်ဆုံး အကြိမ်ပေးလိုက်သေးတာ။
သူမလောကကြီးက ထွက်သွားတာ တစ်နှစ် နီးပါးလောက်တော့ရှိပေမယ့် သူမရဲ့ အထင်ကရ လေးကတော့ ကျွန်မတို့ နဲ့ အတူ ကျန်ခဲ့တယ်လို့ထင်ပါတယ်။ သူမသာ ဂျယ်လီဘူးတွေကို ထောင်ပေါင်းများစွာမလုပ်ခဲ့ဘူးဆိုရင် ကျွန်မတို့ ရဲ့မနက်စာမှာ ဂျယ်လီဘူးကို ဖွင့်ဖို့တောင်လွယ်ခဲ့မှာမဟုတ်ပါဘူး။ ကျွန်မရဲ့ကလေးတွေကလည်း သူတို့ အဖွားလုပ်တဲ့ ဂျယ်လီမစားရတဲ့နေ့မျိုးကို အိပ်မက်တောင်မမက်လောက်ဘူး။ ဂျယ်လီဆိုတာ ဘာမှမဟုတ်လောက်ဘူးလို့ထင်ကောင်း ထင်မိနိုင်ပါတယ်။ ဒါပေမယ့် ရက်တွေ ကြာလာတဲ့ အခါမှာ အဲ ဒါလေးက ကျွန်မတို့ မိသားစု မနက်စာ ကို ပြည့်ဝစေတယ်လို့ ထင်လာခဲ့မိတယ်။ ဒီနေ့ ကျွန်မ ဒီ ဂျယ်လီဘူးလေးကို တွေ့ လိုက်တာ တကယ့် ရတနာသိုက် ကို ရှာဖွေတွေ့ရှိရသလိုပါပဲ။
ကျွန်မ နောက်ဆုံးဂျယ်လီဘူးလေး ကို လက်ထဲမှာကိုင်ရင်း ၊ သူမနဲ့ အတူ ဖြတ်သန်းခဲ့တဲ့ နေ့တွေ ကို ပြန်စဉ်းစားမိတယ်။ ကျွန်မ၀မ်းနဲ့လွယ်မွေးရတဲ့ ကလေးတွေကိုလည်း သူမချစ်ရှာပါတယ်။ သူမမှာ မြေး က သုံး၊ လေး ယောက်ထက်မပိုဘူးလေ။ လယ်ကွင်းတွေထဲမှာ လမ်း လျှောက်ထွက်လေ့ရှိတယ်။ ကောက် ရိုး ကို ဂါဝန် လုပ် ၀တ် လယ်ထွန်စက် နောက်မှာထိုင် ပြီး သစ်တောတွေ ထဲကို လည်း သွားခဲ့သေးတယ်။ သူမရဲ့ အသုဘ မှာ လည်း သူမချစ်တဲ့ ကလေးတွေ ဘေးမှာဝိုင်းနေပေမယ့် ညှိုးငယ်နေတဲ့ သူမရဲ့ မျက်နှာ ကို လည်း တွေ့ခဲ့ရတယ်။
အိမ်ရောက်တော့ ကျွန်မ ဂျယ်လီ ကို စင်ပေါ်မှာ ခဏ တင်ထားလိုက်တယ်။ ကျွန်မ တို့ အိမ် ရောက်ရင်တော့ ဒီ ဂျယ်လီ သိပ် ကြာကြာ ခံမှာ မဟုတ်ပါဘူး။ ရိုးရာ ရဲ့ အဆုံးသတ်ခြင်းပဲလေ။ ကျွန်မ ယုံ ကြည်တာက လေ အဲဒီ ဂျယ်လီတွေသာ ရှိနေမယ်ဆို သူမ အငွေ့ အသက်တွေက သူမ အသက်ရှင်နေသလို အမြဲရှိနေမယ်။
ကျွန်မ တို့ မိသားစု သူမ ရဲ့ ပိုင်ဆိုင်မှု တော်တော်များများကို ရရှိခဲ့ပြီးပါပြီ။ ပစ္စည်း ကိရိယာတွေ၊ နှစ်လုံးပြူးသေနတ်၊ ပရိဘောဂ၊ သူမကိုယ်တိုင်ထိုးခဲ့တဲ့ ဆွယ်တာက အစပေါ့။ သူမနဲ့ အတူ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ၊ သူမနဲ့ အတူ ရှိခဲ့တဲ့ အမှတ်တရတွေ။ အဲဒါ တွေ အားလုံးဟာ သူမ ဖြတ်သန်းချင်ခဲ့တဲ့ ဘ၀ပုံစံ နဲ့ တစ်ထပ်တည်းကျ ခဲ့ ရဲ့လား။ ကျွန်မကတော့ နောက်ဆုံးဂျယ်လီ ခွက်လေး ကို မကုန်စေချင်ဘူး။ ကျွန် မ ရင်ထဲမှာ ရှိတဲ့ အမှတ်တရတွေက အဲဒီဘူးလေးကိုဖက်တွယ်ထားဖို့ ပဲ ကျွန်မကို ပြောနေရော့သလား။ ဒါပေမယ့် ကြာကြာ မခံ မှာလဲ စိုးရတယ်။ အဲဒီတော့ စားလိုက်ရမလား၊ မစားရဘူးလား????......အင်း ၊ ဒီနေ့တော့ မဟုတ်သေးဘူး။
(ဘာသာပြန်သူ- ရွှေပိုးကောင်၊ Andy Skidmore ၏ The Last Jar of Jelly အားဘာသာပြန်သည်။)

Monday, August 27, 2012

ဆမ်မားဆက်မွန်


(ဆရာတော်ရဝေနွယ် အင်းမ၏ အမြဲစီးဆင်းနေသောမြစ်တစ်ဆင်းအကြောင်းမှ ဒီစာပိုဒ်လေးကို ကြိုက်လွန်းလို့ ပရိတ်သတ်ကြီးများ ဖတ်ရအောင် တင်ပေးလိုက်ပါတယ်နော်။)

တစ်ခါက ဘက္ကဒက်မြို့တွင် ကုန်သည်ကြီး တစ်ယောက်ရှိသည်။ တစ်နေ့တော့ ကုန်သည်ကြီးက သူ့တပည့်တစ်ယောက်ကို ဈေးဝယ်ဖို့ ဈေးကိုလွှတ်လိုက်သည်။ မကြာခင်မှာပဲ တပည့်ဖြစ်သူ မျက်စိပျက် မျက်နှာပျက်နှင့်ပြန်ရောက်လာသည်။ ပြီးတော့ သခင်ကုန်သည် ကြီးကို တုန်တုန်လှုပ်လှုပ် နှင့်စကားဆိုသည်။
“သခင်ရယ် ကျွန်တော်ဈေးထဲမှာ အမှတ်တမဲ့ အမျိုးသားတစ်ယောက် နဲံဝင်တိုက်မိကြတယ်၊ကြည့်လိုက်တော့သေမင်းဖြစ်နေပါတယ်၊ ပြီးတော့ သူက ကျွန်တော့် ကို စူးစူးဝါးဝါး နဲ့ပြန်ကြည့်နေပါတယ်၊ အဲဒါသေမင်းနဲ့နောက်တစ်ခါပြန်တွေ့ရမှာ အလွန်ကြောက်နေပါတယ်၊ ကျွန်တော့် ကို သခင့် ရဲ့ အပြေးအမြန်ဆုံး မြင်းတစ်ကောင် ခဏငှားပါ။ ကျွန်တော်မသေချင်သေးဘူး သခင်၊ ကျွန်တော် အသက်ဆက်ရှင်ဖို့ သေမင်းရှာမတွေ့ နိုင်တဲ့ ဟိုး အဝေးကြီး မှာရှိတဲ့ ဆမ်မာရာ ကို ပြေးပါမယ်။“
သခင်ကုန်သည်ကြီးကလည်း ကျေးဇူးရှိထားသည့် တပည့် ကို အပြေးကောင်းသော မြင်းတစ်ကောင် ပေးလိုက်သည်။
တပည့် ဖြစ်သူကလည်းမြင်းရသည်နှင့် ကဆုန်စိုင်းပြေးတော့သည်။ တပည့်မရှိတော့ ကုန်သည်ကြီး က ဈေးကို ကိုယ်တိုင် ထွက်ခဲ့ရသည်။ ဈေးရောက်တော့ လူအုပ်ထဲမှာ သေမင်းကို တွေ့ လိုက်ရသည်။ သို့နှင့် သေမင်းအနားကပ်သွားပြီး “မနက်တုန်းက ခင်ဗျားက ကျုပ်တပည့်ကို စူးစူးဝါးဝါးကြည့်ပြီး ဘာဖြစ်လို့ ခြိမ်းခြောက် လိုက်ရတာ လဲ“ဟု မေးလိုက်သည်။
သည်တော့ သေမင်းက..
“ကျွန်တော် သူ့ကို ခြိမ်းခြောက် လိုက်တာ မဟုတ်ပါဘူး။စူးစူးဝါးဝါး ကြည့်လိုက်တယ် ဆိုတာကလည်း သူ့ကို ဒီ ဘက္ကဒက် မှာ တွေ့လိုက်ရတော့ အံ့သြ လွန်းလို့ ကြည့် လိုက်တာပါ။ သူနဲ့ ကျွန်တော် ဘက္ကဒက် မှာ တွေ့ရလိမ့်မယ် လို့လုံးဝမထင်မိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီည ဆမ်မာရာမြို့မှာ သူနဲ့ကျွန်တော်ကတော့ သူနဲ့ ချိန်းထားတဲ့ ဆမ်မာရာ မြို့ ကို သူလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သွားစောင့်နေရမှာပဲ“ ဟု ပြောဆိုလိုက်သည်။