Pages

Monday, July 30, 2012

ကံ ကို ပြင်လိုက်ပါ


ဆရာတော် ရဝေနွယ် (အင်းမ) ၏ ကံ ကို ပြင်လိုက်ပါ ဆိုတဲ့ ဆောင်းပါးလေးကို တင်ထားပေးပါတယ်။


"ကံကံကံကြိြိုပြင်လ်လ်လိုကိုကိုက်ပ်ပ်ပါ"
ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
ကျမ်းကိုး
မဟာဝင်ဝတ္ထု - ကျီးသဲလေးထပ်ဆရာတော်
စာဖတ်သူ အသင်။ သင့်ကံ ဆိုးနေသလား။? ဒါမှမဟုတ် သိပ်ကံကောင်း နေတယ်လို့ ထင်လား။? ဒါမှမဟုတ်
ကံကောင်းတယ်လဲ မဟုတ် ကံဆိုး တယ်လဲ မဟုတ်ပါဘူးလို့ သတ်မှတ် ထားသလား။?
ဘယ်လိုဖြစ်နေနေ
မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ် ၅မျိုးကို ဆောင်ရွက်ရင်း … တစ်ဘ၀တာ ကံကောင်းသောသူ၊
နောက်ဘ၀ပေါင်းများစွာ.. ကံကောင်းသောသူ ဖြစ်နိုင်အောင်
ကံကိုပြင်လိုက်ပါ
၁။ ”၀သဘ ၏ သာမန်ဘ၀”
သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်း ဆိုတာ ရှိခဲ့ဖူးးပါတယ်။ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော်
စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရား ပညာရှိတွေက ၀သဘ အမည်ရှိတဲ့ သူဟာ မင်းဖြစ်လိမ့်မယ်လို့
ဟောပြောလာ ကြပါတယ်။ ဒီစကားကြားတော့ လက်ရှိ မင်းလုပ်နေတဲ့ ယသဠာလက မင်းက သီဟိုဠ်ကျွန်းမှာ ၀သဘ
အမည်ရတဲ့ သူအားလုံးကို သတ်စေလို့မိန့် ပါတော့တယ်။
၂။ အသက်ဘေးက လွတ်ပြီ။
ဒီတော့ စစ်သူကြီးက သူ့ဆီမှာ နေနေတဲ့ ၀သဘ ကို မင်းဆီ အပ်ဖို့ မိန်းမ လုပ်သူကို ပြောပါတယ်။ သူရာထူး
တိုးချင်တာလည်း ပါမှာပေါ့။ နံနက်စောစော ရောက်တော့ စစ်သူကြီးက ၀သဘကို အသာခေါ်ပြီး နန်းတော်ကို
ထွက်ခဲ့ပါတယ်။ ၀သဘကို သတ်ဖို့ ခေါ်သွားတာ ဆိုတာကို သိတဲ့ စစ်သူကြီး ကတော်က ကွမ်းအလွန်ကြိုက်တဲ့
စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေး လိုက်ပါတယ်။
စစ်သူကြီး နန်းတော်တံခါးဝ ရောက်လို့ ကွမ်းစားမယ် လုပ်တော့ ထုံးပါမလာတာ တွေ့ပြီး ၀သဘကို အိမ်ပြန်
ထုံးယူစေပါတယ်။ ၀သဘ က အိမ်ရောက်တော့ စစ်သူကြီးကတော်က သူ့အကြံအစည် အတိုင်း ဖြစ်လာလို့
ဝမ်းသာအားရနဲ့ ” ၀သဘ၊ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီ အပ်ပြီး သတ်မှာ .. ရော့ အသပြာ တစ်ထောင်ယူပြီး
လွတ်ရာကို ပြေးပေတော့ ” ဆိုပြီး ထွက်ပြေး ခိုင်းလိုက်ပါ တော့တယ်။
၃။ စစ်သည်စုရုံးပြီ။
ဝသဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ပုန်းနေပါတယ်။ ရဟန်းတော် တွေကလည်း သူ့ကို ကြည့်ရှု
ထားပါတယ်။
ဒီလိုနေရင်းနဲ့ တစ်နေ့မှာ ပညာရှိလူနူတစ်ယောက်က ၀သဘရဲ့ ဇာတာကို ကြည့်ပြီး ” သင်.. မင်းဖြစ်လိမ့်မယ် ” လို့
ဟောလိုက်ပါတယ်။ ဒီစကားကြားတော့ ၀သဘဟာ ၀မ်းမြောက်စွာနဲ့ပဲ ရဲရင့်သတ္တိ ရှိတဲ့ေ နာက်လိုက် ယောက်ျားတွေကို
စုရုံပါတယ်။ အတော်အတန် စုမိတော့ ” မုန့်သည် မ သားသည် မုန့်အနားကစ၍ စားရသည် ” ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး
မြို့စွန်ရွာစွန် ကစပြီး သိမ်းပါတယ်။ လိုရင်း ပြောရရင်တော့ နောက်ဆုံးမှာ ၀သဘ မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။
၎။ နန်းစံသက်ကို တွက်ချက်ခိုင်းတော့
ဝသဘမင်းဖြစ်လာတော့ ဟူးရားပညာတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှနှစ်လောက် နန်းစံရမလဲ ဆိုပြီး တွက်ခိုင်း
ပါတော့ တယ်။ ဟူးရား ပညာရှိတွေက တွက်ချက်ပြီး ” ၁၂ နှစ် နန်းစံရမယ် ” လို့ ဟောလိုက်ပါတယ်။ ၀သဘမင်းက
ဟူးရားပညာရှိတွေကို အသပြာ ၁ထောင်စီပေးပြီး သည်အကြောင်း ဘယ်သူ့မှ မပြောနဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။
၅။ ကုသိုလ်တွေ ပြုပြီ။
အဲဒီနောက် ၀သဘမင်း ဟာ ရဟန်းသံဃာတော်တွေဆီ ဆည်းကပ်ပြီး ” အရှင်ဘုရားတို့၊ မင်းသက် ရှည်ရာရှည်ကြောင်း
ကုသိုလ်ကောင်း မှု.များ မရှိဘူးလား ဘုရား .. ” လို့ လျှောက်ထားပါတယ်။
ဒီတော့ သံဃာတော်တွေက -
” ၀သဘမင်းမြတ် ၊
၁။ ရေစစ်လှူပါ။
၂။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ။
၃။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကျောင်းဟောင်း၊စေတီဟောင်းတွေကို ပြုပြင်ပါ။
၎။ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ။
၅။ ၈ရက်ဥပုသ်၊ ၁၅ရက်ဥပုသ်နေ့တိုင်း ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိမ်းပါ။
မင်းသက်ရှည်လိမ့်မယ် ” လို့ မိန်လို့က်ပါတယ်။
ဝသဘမင်းလည်း ရဟန်းတော်တွေ လမ်းညွှန်တဲ့အတိုင်း ကောင်းမှု. တွေပြုပါတယ်။ စာထဲမှာတော့ ၀သဘ မင်းပြုတဲ့
ကုသိုလ်တွေ ကောင်းမှုတွေ အများကြီးပဲ ပြထားတယ် ( စာရှည် နေမှာစိုးလို့ ရေးမပြတော့ဘူး။ )
လိုရင်းပြော ရရင်တော့ ၀သဘမင်းဟာ ( ၁၂ နှစ်သာ နန်းစံရမဲ့အစား ) ၄၄-နှစ် နန်းစံခဲ့ရပါတယ်။
၆။ အတိတ်ကံ နဲ့ ပစ္စုပ္ပန်ကံ
ဒီ ၀တ္ထုမှာ အဓိက ပြောချင်တာကတော့ ၀သဘမင်းဟာ အတိတ်ကံအရ ၁၂နှစ်သာ နန်းစံရမှာပါ။ ဒါပေမယ့်
အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင် ယူလိုက်တော့ ၄၄-နှစ်တောင် နန်းစံခဲ့ရပါတယ်။ အပိုကြေး အနေနဲ့ ၃၂နှစ် နန်းစံသက်
ပိုရခဲ့ပါတယ်။
ဝသဘ မင်းပြုခဲ့တဲ့ ကုသိုလ် ခြောက်မျိုးက အသက်ရှည်ကြောင်း ကုသိုလ်တွေပါ။ သူ့အနေနဲ့ ကတော့ နန်း
သက်ရှည်ကြောင်း သီးခြား ကုသိုလ်တွေပေါ့။ အဲဒီကုသိုလ်-၆မျိုးကို အောက်ပါ လင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး။
ဗဟုသုတ အဖြစ်ပေါ့။
ရေစစ်၊ ဆေး၊ ကျောင်း၊ ဘုရားဟောင်းပြုပြင်
” ပဉ္စင်၊ အဋ္ဌ သီလ ဖြူစင်
သက်ရှည်ကြောင်းစု
ကောင်းမှု ၆-အင်
အခွင့်စိုက် ပြုလိုက် ထာဝစဉ်။ ”
ဝသဘ မင်းကတော့ သူနဲ့ အသုံးတည့်မယ် အသက်ရှည်ကြောင်း ကုသိုလ်တွေကို ရွေးပြုပြီး သူ့ကံသူ ပြုပြင်သွားတာပါ။
၇။ သင်နှင့် ကောင်းကံ ဆိုးကံ
အခု စာဖတ်သူတွေ ကတော့ တခြားသော ဘ၀ လိုအပ်ချက်တွေ တခြားသော အဆင်မပြေမှုတွေ ရှိနေနိုင်ပါတယ်။
– လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– စီးပွားရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– ကျန်းမာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– ပညာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– ရာထူးဌာနန္တရ နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– နိုင်ငံခြားခရီး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ကြိုက်သလောက် ကံဆိုးနေပါစေ။ နောက်ဆုံး သေချင်လောက်အောင် အထိ ကံဆိုး နေစမ်းပါစေ။ ၀သဘ မင်းဝတ္ထုကို
အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက် ပြုပြင်ယူလို့ရတယ် ဆိုတဲ့ အသိလေးကိုပဲ အာရုံပြုပစ်လိုက်စမ်းပါ။
၈။ ဘယ်လိုပြုပြင်မလဲ …အဲဒီတော့ ဘယ်လိုပြုပြင်ယူမလဲ..?
အဲဒီ သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။ တိုက်တွန်း စကားအနေနဲ့
ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ”
နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။
အဲဒီကုသိုလ် ၅မျိုးကတော့
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ
တို့ ဖြစ်ပါတယ်။
အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။
၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။
၉-၁။ ဒါန
ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန
မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက်
ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို
ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို
သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း
ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။
၉-၂။ သီလ
ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင်
စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊
၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို
သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။
၉-၃။ ဂုဏ်တော်
တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။
အရဟံဂုဏ်တော်ကိုပဲ …
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
လို့ ပွားများရပါတယ်။
အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့
ပါဠိနဲ့အနက်လေးတွေပါ။
ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။
၉-၄။ မေတ္တာ
စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ
အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။
မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့
လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-
အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။
၉-၅။ ၀ိပဿနာ
နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ၀ါဒအတိုင်း
မှတ်ယူလို့ ရပါတယ်။
( မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင်
တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊
အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု
သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-
၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )
၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ
ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။
၁၀-၁။ အိပ်ရာထ
မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်န့ဦဲး။ ဘုရားခန်းကို အရင်သွားပါ။
ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )
အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ
အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊
တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု
နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက်
၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို
ပြုလုပ်ပါ။
၁၀-၂။ နေ့လည်
အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။
ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ
ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို
အမျှပေးဝေလိုက်ပါဦး။
၁၀-၃။ ညပိုင်း
တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊
ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။
၁၁။ နေ့စဉ်ပြုအပ်သည်
ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။
ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့
စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့
ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး
လန့်ပြေးသွားမှာပါ။
ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။
ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု
စောင့်ရှောက်နေသင့်ပါတယ်။
ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး
ကံကောင်းနေဦးမှာပါ။
၁၂။ ဒုက္ခကြံရင် သစ္စာဆို။
ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝ တ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ်
အတွင်းမှာပဲ
ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန
တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။
” ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။
ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း
နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..
၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့
ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊
လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။
ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး
မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ
ပြုလုပ်ကြရပါတယ် …
ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင်
လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။
ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
ကျမ်းကိုး
မဟာဝင်ဝတ္ထု - ကျီးသဲလေးထပ်ဆရာတော်

လိုက်ဖက်တဲ့ဘဝ


မင်းချစ်စေချင်သလောက် သူတို့က မင်းကို မချစ်ဘူးလို့ထင်လိမ့်မယ်။ဒါပေမယ့် သူတို့ ချစ်နိုင်စွမ်းသလောက်တော့ မင်းကို ချစ်ကြတယ်။

လိုက်ဖက်တဲ့ဘဝ
ကျွန်မခွေးတွေကို ချစ်တတ်ပါတယ်။ ကျွန်မ ငယ်ငယ်လေးကတည်းက တစ်ကောင်၊ နှစ်ကောင် ဒါမှမဟုတ်ရင် သုံးကောင် ကျွန်မဘေးပတ်ပတ်လည်မှာရှိနေတတ်တာပဲ။ သူတို့လေးတွေက ကျွန်မ မိသားစုဘ၀ ရဲ့ အစိတ် အပိုင်းလေးပါ။ ကျွန်မတို့ အိမ်မှာ ခွေးလေးတွေမရှိဘူးဆိုတဲ့ အချိန်မျိုးတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီလို အချိန်မျိုးကတော့ နည်းပါးပါတယ်ရှင်။
တစ်ဘက် ဖုန်းလိုင်းက အသံက မျှော်လင့်ချက်မဲ့နေတဲ့ အသံမျိုးပါ။ “အမေ ကျွန်တော့်ကို ကူညီပါဦး။ Summer နဲ့ Emie တို့ မတည့်ကြဘူး။အမြဲရန်ဖြစ်နေကြတယ်။ တူတူ ထားလို့ကို မရတာပါ။ ကျွန်တော် Summer ကို အမေ့ အိမ် မှာ ရက် အနည်းငယ်လောက်ထားချင်တယ် အမေ။ ကျွန်တော် ဘာလုပ်ရမယ် ဆိုတာကို စဉ်းစားလို့ မပြီးမချင်းပေါ့ အမေရယ် နော်။“
Summer နဲ့ Emie ဆိုတာ ကျွန်မရဲ့ မြေးခွေးလေးတွေပေါ့။ဘာလို့ လဲဆိုတော့ သူတို့ က ကျွန်မသား Mike နဲ့ ချွေးမလေး Crecent တို့ ရဲ့ ခွေးလေးတွေ မို့ပါ။ Mike ရဲ့နားမှာ ခွေးလေးတွေ အများကြီးရှိပေမယ့် Summer ဆိုတဲ့ ခွေးလေးကတော့ Mike နဲ့ Crecent  လက်ထပ်ကတည်းက မွေးထားတဲ့ခွေးလေးပေါ့။ တစ်ခြားခွေးလေးတွေကို မချစ်ဘူးတဲ့ အချစ်မျိုးနဲ့ ဒီခွေးလေးကို သူ တော်တော်ချစ်ရှာပါတယ်။ သူက အဲဒီခွေးလေးအတွက် ရင်ထဲမှာနေရာ တစ်နေရာ ကို ပေးထားတာလေ။ ကျွန်မ နဲ့ ကျွန်မ အမျိုးသားကလည်း Mike နဲ့ Crecent ကို အတော်ချစ်ပါတယ်။ သူတို့ အတွက်ဆို ဘာပဲလုပ်ရလုပ်ရ လေ။ အဲဒါကြောင့် ကျွန်မအမျိုးသားကို ပြောလိုက်တယ်၊ Mike နဲ့ Crecent ဒီည Summer ကို လာပို့မယ်ဆိုတာကိုလေ။ Summer ကတော့ ညလယ်လောက်မှာရောက်လာပါပြီ။ Emie နဲ့ တိုက်ခိုက်ရလွန်းလို့ မောပန်းနေတဲ့ပုံစံမျိုးလေးပေါ့။ Mike လည်းတူတူပါပဲ။ Emie နဲ့ Summer ရန်ဖြစ်တာရပ်သွားအောင် ကြားကနေ ၀င်ဝင် ခံပေးရတာကိုး။ အဲလိုမှမလုပ်ရင် သူတို့ကလည်း မရပ်ကြဘူးလေ။ ရန်ဖြစ်ကြရင်း လက်လွန်ပြီးသေသွားမှာစိုးလို့ပါ။ Emie က Summer ထက်အကောင်ကြီးပေမယ့် ၊ Summer ကတော့ သူ့ထက်ပိုသွက်လက်တယ်လေ။ နှစ်ကောင်ယှဉ်ရင် ဘယ်သူနိုင်မလဲဆိုတာတော့ ကျွန်မမမှန်းတတ်တော့ဘူး။
          Summer က Jindo မျိုး၊ အဲဒီမျိုး ကို Summer အိမ်ရောက်လာမှ ကျွန်မတို့ စကြားဖူးတာပါ။ အရွယ်အစားကတော့ အလယ်အလတ်ပါပဲ။ အဲဒီမျိုးက Korea ကနေစတာပါ။ United States ကို 1980’s လောက်ကမှစရောက်တာပါ။ Jindo မျိုးက ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ပညာရှိပြီး၊ သားကောင်ဖမ်းတဲ့နေရာမှာတစ်အားကျွမ်းကျင်တယ်လေ။ အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ Jindo မျိုးရဲ့နားမှာ တစ်ခြားသားကောင်တွေမထားပါနဲ့တဲ့ ၊ ထားရင် ဇီဝိန်ချုပ်သွားမယ်ဆိုတဲ့သဘောပါပဲ။ အဲဒီမျိုးဗီဇ ဟာ တစ်ခြားသားကောင်တွေကြားမှာပေါက်ပွားခဲ့မယ်ဆိုရင်တောင် သူတို့ရဲ့ ဗီဇ ဟာပြောင်းလဲဖို့ ခဲယဉ်းပါတယ်။ လူတွေနဲ့တော့တည့်အောင်နေနိုင်ပါတယ်။ လူတွေကိုတော့လုံးဝ မတိုက်ခိုက်တတ်ပါဘူးတဲ့။ Summer က smart ကျတယ်လေ။ သူမရဲ့ အကြားအာရုံကလည်း အံ့မခန်းပါပဲ။ ကျွန်မတို့ အိမ်မှာခွေးလေးတွေမရှိတော့တဲ့ အချိန်မှာ Summer ရောက်လာခဲ့တယ်လေ။ သူမ ကတော့ ကျွန်မတို့အိမ်မှာနေသားကျနေပါပြီ။ လွတ်နေတဲ့နေရာတစ်ခု ကို သူမက ဖြည့်ပေးလိုက်တာပါ။
          သူမဘေးမှာရှိနေတာလေးကိုပဲ ကျွန်မတို့က ၀မ်းသာနေရတာပါ။ သူမ အတွက်လိုအပ်ချက်တွေက နည်းပါးပါတယ်။ ဒါကြောင့် သူမကို စောင့်ရှောက်ဖို့ကလည်း လွယ်ကူတာပေါ့။ ဒါပေမယ့် တစ်ခုခုတော့လိုနေသေးတယ်လို့ ခံစားရတယ်။ တစ်ခြားတစ်ခြားသော ခွေးလေးတွေက ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကို ပြကြတယ်။ Summer ကတော့ တစ်ကိုယ်ရည် တစ်ကာယ သမားပုံပဲ။ ကျွန်မတို့ အိမ်ပြန်လာတဲ့ အချိန်ဆိုရင်တော့ ပျော်ရွှင်ကြည်နူးတဲ့မျက်လုံးလေးတွေနဲ့ ပေါ့။ ဒါပေမယ့် သူမရဲ့ပျော်ရွှင်မှုဟာ မိနစ်သုံးဆယ်လောက်ပဲခံတယ်။ လူရှိတဲ့နေရာမှာတော့သူမ နေချင်ပါရဲ့။ ဒါပေမယ့် တစ်ခန်းထဲတော့မဟုတ်ဘူး။
ကျွန်မတို့ အပေါ်ထပ်မှာနေရင် သူမလည်းအပေါ်ထပ်မှာပဲ။ ဒါပေမယ့် သူမကတော့တစ်ခြားအခန်းမှာပါ။ ကျွန်မတို့ အောက်ထပ်ကို ဆင်းရင် သူမလည်းလိုက်လာတာပါပဲ။ ကျွန်မတို့ရဲ့ခြေထောက်လေးနားမှာနေပြီးတော့ ၊ ချစ်ဖို့ကောင်းတဲ့ မျက်လုံးလေးနဲ့ကြည့်နေမယ်လို့ထင်လား? အဲလို မဟုတ်ပါဘူး၊ သူမက တစ်ခြားအခန်းမှာပါ။ နီးတော့ နီးပါတယ်။ဒါပေမယ့် အရမ်း နီးကပ်တဲ့နေရာမျိုးတော့မဟုတ်ဘူး။ သူမက ပွေ့ဖက်တာတို့ ၊ရေချိုးပေးတာတို့ကို မနှစ်သက်ပါဘူး။ ကျွန်မတို့ကလည်း သူမကို ပွေ့ဖက်ချင်တာပေါ့။ အဲလို အချိန်မျိုးမှာတော့ သည်းခံရှာပါတယ်။ ဒါပေမယ့် အခွင့်အရေးရတာနဲ့ ထပြီး၊ ကိုယ်လုံးလေးကို ခါပြီးထွက်သွားတာပါပဲ။ Mike ကတော့ ပြောပါတယ်။“ကျွန်တော်တို့ရဲ့ နွေးထွေးမှုတွေကို သူမက ခါထုတ်တာလားမသိဘူးဆိုပြီးတော့လေ။“ ဘာကြောင့်သူမက ကျွန်မတို့ အရင်မွေးထားခဲ့တဲ့ခွေးလေးတွေလို မပြုမူတာလဲ။ ကျွန်မထင်မိတာက Summer လေးက ကြောင်နဲ့တူတယ်လို့လေ။ ခွေးအက်ျီလေးနဲ့ ကြောင် ကလေးပေါ့ရှင်။
          Summer လေးကတော့ အတိုက် အခိုက်ကောင်း ၊ အကာအကွယ် ကောင်းလေးပေါ့။ အကယ်၍များ တစ်စုံ တစ်ယောက်က ကျွန်မတို့ အိမ်ရှေ့မှာ ကားရပ်ရင် တောင် သူမက အသိပေးတယ်လေ။ တစ်ဖက်လမ်းမှာ တစ်ယောက်ယောက်ကခွေးလေးတစ်ကောင်နဲ့ လမ်းလျှောက်နေရင်တောင် သူမက အိမ်ထဲကနေ “၀ုတ်ဝုတ်“ လို့ဟောင်ပြီး ကာကွယ်နေသေးတာ။ ငှက်တွေရဲ့ နှောင့်ယှက်တဲ့ဒဏ်ကို လည်းမခံခဲ့ရဘူး။ Summer လေးက စောင့်ကြည့်ပေးလို့လေ။ စာပို့သမားလေးသုံးအိမ် အကျောလောက်မှာရှိနေပြီဆိုရင်လဲ ကျွန်မသိနေတယ်။ Summer က ကျွန်မသိအောင်လုပ် ပေးလို့လေ။ ဧည့်သည်တွေလာပြီဆိုရင် လည်း ဟောင်လိုက်သေးတယ်။ ပြီးတော့သေချာစူးစမ်းသေးတယ်လေ။ စိတ်ချရပြီဆိုမှသာ ဧည့်သည်တွေနားက ခွာပြီး အေးအေးဆေးဆေး နေလေရဲ့။
          ခွေးလေးတွေဟာ ကျွန်မမိသားစုဘ၀ ရဲ့ အစိတ် အပိုင်း ဖြစ်နေခဲ့တဲ့ ဒီ အတောအတွင်းမှာ Summer ကတော့ ကျွန်မကို အရမ်းကို အခြေခံကျတဲ့ သင်ခန်းစာတွေပေးခဲ့တယ်လေ။ ခွေးလေးတွေက တစ်ကောင် နဲ့ တစ်ကောင် အကျင့်စရိုက်ချင်းမတူသလို ၊ လူတွေဟာလဲ ထို့ အတူပဲ ဆိုတာကိုလေ။ လူတွေအားလုံးကို အခြေအနေ အရပ်ရပ်မှာတူညီဖို့ မျှော်လင့်နေရင် လည်း အတုအယောင် မျှော်လင့်ချက် ပဲ ဖြစ်လိမ့်မယ်။ အဲဒါကို တူညီဖို့ မျှော်လင့်နေရင် ကိုယ် ပဲ စိတ်ဆင်းရဲရမှာလေ။ ခွေးလေးတွေလဲဒီလိုပါပဲ။ တစ်ချို့ က လူတွေနဲ့ နီးနီးနေရတာကို ကြိုက်တယ်။ တစ်ချို့ ကတော့ မကြိုက်ဘူး။ တစ်ချို့ကျတော့ နှစ်လိုဖွယ်ကောင်းတယ်။ တစ်ချို့ကျတော့လဲ မချိ တင်ကဲ တုံ့ ဆိုင်းဆိုင်းပုံစံလေးပေါ့။ အဲလိုပဲ Summer ဟာလည်း ကျွန်မ ပြုမူစေချင်သလို မပြုမူခဲ့ပါဘူး ။ ဒါဟာ သူမ တစ်ခုခု မှားယွင်းနေတယ်ဆိုပြီး အပြစ်တင်တဲ့ ပုံစံ မျိုးနဲ့ပြောတာမဟုတ်ပါဘူး။ သူမက ကျွန်မတို့ကို မချစ်ဘူးလို့ ပြောတာလည်းမဟုတ်ဘူးနော်။
          Summer လေး အဲဒီ တိုက်ခိုက်မှု ဖြစ်ခဲ့တာက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပါ။ ကျွန်မတို့ အိမ်မှာ ရက် အနည်းငယ်ပဲဆိုပြီးထားသွားတဲ့ Summer လေး၊ သူအတွက် ကောင်းတဲ့ အစီအစဉ်တစ်ခု ရတဲ့ထိဆိုပြီးတော့လေ။ အဘိုး၊ အဘွား အများစုဟာ သူတို့ရဲ့ မြေးလေးတွေကို တာဝန်ယူလေ့ရှိကြပါတယ်။ ကျွန်မတို့ အိမ်မှာလဲ ဒီလိုကိစ္စမျိုးလေးတော့ရှိလာပါပြီ။ ခြားနားတာ တစ်ခုကတော့ ခွေးမြေးလေး ဖြစ်နေတာပါပဲ။ သူမဟာ ကျွန်မတို့ရဲ့ဘ၀လေးနဲ့ သဟဇာတ ဖြစ်နေပါပြီ။ ကျွန်မတို့ အိမ်ကလည်း သူ့အိမ်ပဲလေ။ ကျွန်မတို့လည်း သူ့ကိုချစ်တယ်လေ။ကျွန်မ လက်ခံထားတဲ့အချက်ကလည်း ဒီလိုအမူအကျင့်လေးနဲ့ သူသာလျှင် Summer ဆိုတာကိုပါ။ သူမလည်း ကျွန်မတို့ကို ချစ်တယ်ဆိုတာ သိပါတယ်။ သူမ မှာရှိသမျှ အစွမ်းအစတွေနဲ့ ကျွန်မတို့ အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ပေးတယ်လေ။ Summer က ကျွန်မတို့မှာ ခွေးလေးတွေ ၊ ကြောင်လေးတွေကို ဘယ်လိုပုံစံလေးဖြစ်စေချင်တယ်ဆိုတဲ့ စိတ်ရှိတယ်ဆိုတာကို ပြသခဲ့တယ်။ ဒါပေမယ့် ကျွန်မ လက်ခံလိုက်ပါပြီ။ ကျွန်မလည်း သက်တောင့်သက်သာ ရှိတယ်လေ။ အင်း…. သူမရောပေါ့။
          ဘာသာပြန်သူ-ရွှေပိုးကောင် ၊ Unrealistic Expectations from Chicken Soup for The Soul


Thursday, July 19, 2012

ဖန်ဘူးလေး


         
ကျွန်တော် မှတ်မိသလောက်၊ ကျွန်တော့် မိဘတွေ အခန်းထဲက ဗီရိုဘေးမှာ  အ၀ကျယ် ဖန်ဘူး တစ်လုံးက မားမားမတ်မတ် ရှိခဲ့တယ်လေ။အဖေက အိပ်ရာဝင်ခါနီးဆိုရင် သူ့ အိတ်ထဲက ပိုက်ဆံတွေကို ထုတ်ပြီးသိမ်းလေ့ ရှိတယ်။မသိမ်းခင် မှာ အကြွေစေ့ အနည်းငယ်ကို အဲဒီ ဖန်ဘူးကြီးထဲ ကို အမြဲထည့်တယ်လေ။အဲဒီ အကြွေလေးတွေ ဖန်ဘူးထဲရောက်တဲ့အခါ မြည်သွားတဲ့ အသံလေးကို ကျွန်တော်ငယ်ငယ်က အရမ်းနှစ်ခြိုက်ခဲ့တာပေါ့။ ဖန်ဘူးထဲ ဘာမျှ မရှိတဲ့ အချိန်မှာထည့်လိုက်ရင် အသံလေးက သိပ်သာယာတယ်။ အကယ်၍ များ ဖန်ဘူးလေး ပြည့်သွားချိန်မှာတော့ အကြွေစေ့ ကျသံလေးက ခပ်ထိုင်းထိုင်း နဲ့ သိပ် နားဝင် မချိုတော့ပါဘူး။ နေရောင်ခြည် ကနေ ဖြတ်ပြီး အခန်းထဲကို ၀င်လာချိန် အဲဒီဖန်ဘူးလေး ရှေ့ မှာ ဆောင့်ကြောင့်ထိုင်ပြီး ပင်လယ်ဓားပြရုပ်ရှင်ကားထဲက ရတနာတွေ အမှတ်နဲံ တောက်ပနေတဲ့ ကြေးနီ နဲ့ ငွေ အ၀ိုင်းပြားလေးတွေကို မက်မက်မောမော ကြည့်နေခဲ့တယ်။
          အဲဒီဖန်ဘူးလေးပြည့်ပြီဆိုရင်  အဖေက ထမင်းစား စားပွဲမှာ ထိုင်ပြီး အဲ့ ဒီ အကြွေစေ့လေးတွေကို လှိမ့်ပါသေးတယ်။ ပြီးမှာ ဘဏ်ကို ပို့ပါတယ်။ ဘဏ်ကိုပို့တယ်ဆိုတာကတော့ ကြီးမားတဲ့ ထုတ်လုပ်မှုကြီးပါပဲ။ အဖေ နဲ့ ကျွန်တော့်ရဲ့ကြားမှာ အကြွေစေ့ တွေကို ထားပြီး အဖေရဲ့ ထရက်ကားအဟောင်းလေးနဲ့ပဲသွားကြပါတယ်။ အဲဒီ အချိန်တိုင်းကျွန်တော်တို့ ဘဏ်ကို အတူတူ သွားဖြစ်ကြတယ်။ အဖေက ကျွန်တော့်ကို မျှော်လင့်ချက်ကြီးစွာနဲ့ ကြည့်ပြီး “သား၊ အဲဒီအကြွေစေ့တွေက မင်းကို ချည်ထည်စက် ကနေ ဆွဲထုတ်သွားမယ့်အရာတွေပဲ၊ မင်းက အမြဲတမ်း အဖေထက်တော်တဲ့ သားဖြစ်ရမယ်။“ ။ ချည်စက် အိုကြီးရှိတဲ့မြို့ ကလည်း မင်းကို ဘယ်တော့မှ ဆွဲမထားစေရဘူး။  ဘဏ်ရဲ့ ကောင်တာက စာရေးကို အကြွေစေ့တွေအပ်ပြီးတဲ့ အချိန်တိုင်းမှာလည်း “ဒီပိုက်ဆံတွေက ကျွန်တော့်သားလေး ကောလိပ်တက်ဖို့လေ၊ သူက ဘယ်တော့မှ ကျွန်တော့်လိုတစ်ဘ၀လုံး ချည်စက် မှာပဲ မကုန်ဆုံးစေရဖူး။“။ ဘဏ်မှာငွေအပ်တဲ့ အထိမ်းအမှတ်အဖြစ် ကျွန်တော်နဲ့ အဖေ ရေခဲမုန့် ၀ယ်စားကြတယ်လေ။ ကျွန်တော်ကတော့ ချောကလက် ၊ အဖေကတော့သီးစုံပေါ့။ ရေခဲမုန့်ဆိုင်က အကြွေပြန်အမ်းတဲ့ အခါ သူ့လက်ကြားမှာညှပ်ထားတဲ့ အကြွေလေးကို အမြဲကျွန်တော့်ကိုပြတယ်လေ။ “အဖေတို့ အိမ်ရောက်ရင် ဆက်ပြီးဖြည့်ကြစို့။“ လို့လည်းပြောလိုက်သေးတယ်။ ဘာမျှမရှိတဲ့ ဖန်ဘူးထဲ ပထမဆုံး အကြွေစေ့ အား ကျွန်တော့်ကိုထည့်စေပါတယ်။ တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာ ချွင်ခနဲ မြည်လိုက်တဲ့ အသံလေးက အလွန်သာယာပါတယ်။ “သားက ဒီပဲစေ့၊ မူးစေ့၊ မတ်စေ့ လေးတွေ နဲ့ အတူ ကောလိပ်တက်ရမှာ“ လို့ ပြောလေ့ရှိတယ်။
          နှစ်တွေကြာခဲ့ပါပြီ။ ကျွန်တော်ကောလိပ်ပြီးလို့ တခြားမြို့ မှာတောင် အလုပ်ရနေပြီ။ ကျွန်တော့်မိဘ အိမ်ကို ပြန်ရောက်တဲ့အခါမှာ အဖေ့ အိပ်ရ်ာဘေးက ဖုန်းလေးကို သုံးဖြစ်ပါတယ်။ ဖန်ဘူးလေးမရှိတော့ဘူးဆိုတာကို သတိထားမိတယ်။ရည်မှန်းချက်တွေပြည့်စုံလို့ သူ့တာဝန်လဲပြီးဆုံးလေပြီ။ ဖန်ဘူးလေးအမြဲရှိနေတဲ့ ဘီရိုဘေးက နေရာလွတ်ကို ကြည့်ရင်း ကျွန်တော်လည်ပင်းမှာတစ်ဆို့သွားခဲ့တယ်။ အဖေက စကားနည်းသူပါ။ ဇွဲရှိမှု၊ ဆုံးဖြတ်တတ်မှု နှင့် သစ္စာရှိမှုတို့ အကြောင်း ကျွန်တော့်ကို ဘယ်တုန်းကမျှ မသင်ခဲ့ပါဘူး။ အဲဒီ စီးဆင်းနေမယ့် စကားလုံးတွေထက် အကောင်းတွေချည်းပဲဖြစ်လာဖို့ ဖန်ဘူးလေးက ကျွန်တော့်ကို သင်ပေးခဲ့ပါတယ်။
          ကျွန်တော် Susan နဲ့ လက်ထပ်ပြီးတော့ ဖန်ဘူးလေးက ကျွန်တော့်ငယ်ဘ၀ရဲ့ အဓိပါယ် ရှိတဲ့ အစိတ်အပိုင်းတစ်ခု ဆိုတာ ပြောပြခဲ့တယ်။ကျွန်တော့်ရဲ့ဘ၀မှာတော့ အဲဒီ ဖန်ဘူးလေးဟာ တခြားသော အရာတွေထက် အဓိပါယ်သတ်သတ် မှတ်မှတ် ရှိပါတယ်။ အဖေ ကျွန်တော့်ကို ဘယ်လောက်ချစ်လဲ ဆိုတာကို ပြခဲ့တာပေါ့။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ဖြစ်ပါစေ အဖေကတော့ ခေါင်းမာစွာနဲ့ ဖန်ဘူးလေးထဲကို အကြွေစေ့လေးတွေ အမြဲထည့်ခဲ့တာပါ။တစ်ခုသော နွေရာသီမှာ အဖေ ချည်စက် ပေါ်က လိမ့်ကျခဲ့ဖူးတယ်။ အဖေနေမကောင်းမချင်း အမေက ပဲစေ့ အခြောက်ကလေး တွေပဲပြုတ်ပြီး ချွေချွေတာတာ စားကြတယ်။ အဲဒီလို အချိန်မျိုးမှာတောင်မှ ဖန်ဘူးလေးထဲက အကြွေစေ့လေးတွေကို တစ်ပြားတစ်ချပ်မျှ ထုတ်မသုံးခဲ့ရှာဘူး။ အဖေက အကြွေစေ့လေးတွေထုတ်သုံးမယ့် အစား၊ ကျွန်တော့် ပန်းကန်ထဲက ပဲပြုတ်လေးပေါ်ကို ခရမ်းချဉ်သီး sauce လေးစမ်းပေးပြီး ဒီလိုနေရာမျိုးက ကျွန်တော့်ကို ရုန်းထွက်နိုင်စေရန် ဆန္ဒတွေက ပိုမို ခိုင်မာလာပါတော့တယ်။ “သား၊ မင်းကောလိပ်ရောက်ရင် ပဲ စားချင်ရင်တောင် ဘယ်တော့မှ မစားရစေတော့ဘူး။“ ဟု တောက်ပတဲ့မျက်လုံးလေးများနဲ့ ပြောပါတယ်။
          ကျွန်တော့်သမီး Jessica လေးမွေးပြီး ပထမဆုံး Christmas နေ့မှာ အားလပ်ရက် ကို ကျွန်တော့်မိဘတွေနဲ့ ကုန်ဆုံးကြပါတယ်။ ညစာ စားအပြီးမှာတော့ ဧည့်ခန်းက ဆက်တီပေါ်မှာ အဖေနဲ့ အမေက ကပ်လျက်ထိုင်ပြီး သူတို့ရဲ့ မြေးဦးကို တစ်ယောက်တစ်လှည့်စီချီနေကြတာပေါ့။Jessica လေး ငိုတော့မှပဲ Susan က သူမကို အဖေ့လက်ထဲကနေ ပွေ့ချီလိုက်ပါတယ်။“သူမ နဲနဲစိမ်းနေသေးလို့ပါ။အသားကျဖို့လိုဦးမယ်ထင်တယ်“ လို့ Susan ကတော့ပြောပါတယ်။ Susan က Diaper လဲပေးဖို့ သမီးကို ချီပြီး အဖေတို့ အခန်းထဲဝင်သွားတယ်။
          Susan ဧည့်ခန်းထဲကို ပြန်ရောက်လာတဲ့အခါမှာ ထူးခြားတဲ့ အရိပ်ယောင်တစ်ခုကို သူမ မျက်လုံးထဲမှာတွေ့လိုက်ရတယ်။ သူမက Jessica ကို အဖေ့ကို ပြန်ပေးပြီး ကျွန်တော့်ကို အဖေ့ အခန်းထဲကို ခေါ်သွားခဲ့တယ်။ “ဟိုမှာကြည့်ပါဦး။“ ဗီရိုဘေးက နေရာလေးတစ်ခုကို လက်ညှိုးထိုးပြပြီး သူမရဲ့ ပျော့ပျောင်းညင်သာတဲ့ အသံလေးနဲ့ပြောလိုက်ပါတယ်။ ကျွန်တော်အံ့အားသင့်စွာနဲ့၊ အဲဒီနေရာမှာ ဖန်ဘူးလေးရှိနေတယ်။ ဖန်ဘူးလေးအောက်တစ်ဝက်က အကြွေလေးတွေနဲ့ပြည့်လို့ပေါ့။
          ကျွန်တော်ဖန်ဘူးလေးရှိရာကို သွားလိုက်ပါတယ်။ ထို့နောက်ကျွန်တော့်အိပ်ကပ်ထဲကို နှိုက်ပြီး
အကြွေစေ့ လက်တစ်ဆုပ်ကို ကျွန်တော်ထည့်လိုက်တယ်။ အဖေနဲ့ Jessica က တံခါးကို အသာလေးတွန်းဖွင့်ပြီးဝင်လာခဲ့တယ်။ ကျွန်တော်နဲ့ အဖေ အကြည့်ချင်းဆုံသွားလေရဲ့။ ကျွန်တော်တို့ မျက်လုံးတွေရှောင်လွှဲမရခဲ့ပါဘူး။ ကျွန်တော်သိပါတယ်။ အဖေလည်း ကျွန်တော် နဲ့ စိတ်ခံစားချက်ခြင်းတူမယ် ဆိုတာကိုလေ။ အခန်းက တိတ်ဆိတ်နေပေမယ့် ကျွန်တော်တို့ရဲ့ရင်ထဲမှာ အတွေးတွေ ကတော့ ဆက်ကာဆက်ကာ ဖြစ်နေပါတယ်။
ဘာသာပြန်သူ-ရွှေပိုးကောင်၊ (The Pickle Jar from Chicken Soup For The Soul)

Tuesday, July 3, 2012

ဘ၀တိုင်းဆုံတွေ့ချင်ပါသလား


ရွှေပိုးကောင်ရဲ့ Blog ကို လာရောက် ဖတ်ရှူသူအပေါင်း ချစ်သောသူနှင့် ဘ၀တိုင်းဆုံတွေ့နိုင်ကြပါစေ။
ဆရာတော် ရဝေနွယ်(အင်းမ) ရဲ့ ဘ၀တိုင်းဆုံတွေ့ ချင်ပါသလား ဆိုတဲ့ဆောင်းပါးလေးကို နှစ်သက်လို့ တင်ပေးထားပါတယ်နော်။
ဘ၀တိုင်းဆုံတွေ့ချင်ပါသလား
          “ကိုလေးရေ ဒီမှာကြည့်ပါဦး၊ သတင်းစာထဲမှာ”
          “ဖတ်ပြပါဦး၊ ဘာလို့လဲ”
          “၁၀နှစ်မြောက်မင်္ဂလာ ကိုမောင်မောင်နိုင်+မဇင်မာဝေတဲ့။သူ့အောက်တည့်တည့်မှာကျတော့ နှစ်ဦးသဘောတူကွာရှင်းပြတ်ဆဲခြင်း ကိုစိုးသိန်း+မစန္ဒာ တဲ့”
          “ဘာလဲ အဲဒါတွေက ညီမလေးအသိတွေဖြစ်နေလို့လား”
          “မသိပါဘူး ကိုလေးရဲ့။စာတစ်စုထဲမှာ ဖတ်ရသူအဖို့ ခံစားမှုနှစ်မျိုးတစ်ပြိုင်ထဲပေးနေလို့”
          “ဘယ်လိုခံစားမှုမျိုးတစ်ပြိုင်ထဲပေးနေလို့လဲ”
          “ဒီလို ကိုလေးရဲ့ အထက်က ၁၀နှစ်မြောက် မင်္ဂလာ သတင်းကို ဖတ်ရတော့ စိတ်ထဲမှာဝမ်းမြောက်မိတယ်ပေါ့  ၊ အောက် က နှစ်ဦးသဘောတူကွာရှင်းပြတ်စဲခြင်းသတင်း ကိုဖတ်ရတော့စိတ်မကောင်းဖြစ်မိတယ်။အဲဒီသဘောကိုပြောတာပါ ကိုလေးရဲ့”
“ဒီလိုပါ ညီမလေးရယ်။ ကိုယ်နဲ့မဆိုင်ပေမယ့်ဝမ်းသာစရာရှိရင် ၀မ်းသာပေးမယ်။ဝမ်းနည်းစရာရှိရင် ၀မ်းနည်းပေးမယ် ဒါမြန်မာတွေရဲ့ ဓလေ့စရိုက်တစ်ခု ပဲလေ”
“ညီမလေး စာတစ်ခုထဲမှာဖတ်ရဖူးတယ် ကိုလေးရဲ့။မြန်မာတွေမှာ ချစ်စရာ၊ ကြည်ညိုစရာကောင်းတဲ့ဓလေ့ စရိုက်တွေ အများကြီးရှိတယ်တဲ့။အဲဒီဓလေ့စရိုက်တွေထဲမှာ တစ်လင်တစ်မယားစနစ်ဟာလည်း တစ်ခု အပါအ၀င်ဖြစ်တယ်တဲ့။တစ်လင် တစ်မယား စနစ်ဟာ တရွေ့ ရွေ့ ကွယ်ပျောက်နေပြီလား မသိဘူးနော်။နောက် ရှိသေးတယ် ကိုလေးရဲ့။ အထီးကျန်မှု များစွာတွေထဲမှာအိမ်ထောင်ရေး အထီးကျန်မှုဟာ အပြင်းထန်ဆုံး ခံစားမှု ကို ဖြစ်စေတတ်တယ်တဲ့။ပြီးတော့ အိမ်ထောင်ရေး အထီးကျန်မှု ဟာ အသက် ကို တိုစေတယ်လို့လဲဖတ်ဖူးတယ်။ ဟုတ်လားတော့ မသိဖူး။”
“ငါ့ညီမကတော့ စာစုံ ဖတ်ဖူးထားတာပဲ”
“ကိုလေးပဲစာစုံဖတ်ဆို”
“ကိုယ့်စကားနဲ့ကိုယ် ပြန်ပြောနေတော့ ဘာပြန်ပြောရမှန်းတောင်မသိတော့ဖူး။ဟုတ်တယ်ညီမလေးရဲ့ အိမ်ထောင်ရေးပဋိပက္ခ ဖြစ်လာရင် ကာယကံရှင်တွေတင်မကဘူး ၊ သူတို့နဲ့နွယ်တဲ့ကလေးတွေပါ စိတ်ဒုက္ခ ရောက်ရတော့တာပဲ”
“ဒီမှာကိုလေးရဲ့၊ သတင်းစာမှာ တစ်ပုဒ်ပါသေးတယ်၊ နိဗာန် မရောက်သေးခင် သံသရာ ခရီးတစ်လျှောက် ထာဝရလက်တွဲသွားရပါလို၏ တဲ့၊ အဲဒီဆုတောင်းလေးက လှတယ်နော်၊ဒါနဲ့နေပါဦး ကိုလေးရဲ့၊ သူတို့ဆုတောင်းတဲ့အတိုင်း လောကမှာ သံသရာ ခရီးတစ်လျှောက် နိဗာန်ရတဲ့ အထိပေါ့ ၊ ထာဝရလက်တွဲသွားလို့ရနိုင်ရဲ့လားကိုလေးရဲ့”
“ရတာပေါ့ ညီမလေးရဲ့ ဘုရားဟောပါဠိတော်တွေ ထဲမှာအများကြီးတွေ့ရပါတယ်။တွေ့ရုံတင်မကဖူး နိဗာန်မရမီ ဘ၀တိုင်းဆုံတွေ့ချင်သူတွေ အတွက် လမ်းညွှန်ဟောကြားထားတာတွေတောင်ရှိသေးတယ်”
“ဟာ…ဟုတ်လားကိုလေးရဲ့။စိတ်ဝင်စားစရာပဲ၊ ဘ၀တိုင်းဆုံတွေ့ချင်ရင် ဘာလုပ်ရမလဲပြောပါဦး“
“အဲဒီအကြောင်း အဂုင်္တရ နိကာယ် ပုညာဘိသန္ဒ၀ဂ် ပထမသမာဇိဝိသုတ်မှာဟောထားတာ ရှိတယ်။“
“ပြောပါဦး ကိုလေး“
“ဘဂ္ဂ တိုင်း သုသုမာရ ဂိရမြို့ ဘေသကတောမှ မြတ်စွာဘုရားသတင်းသုံးစဉ် တုန်းကပေါ့ မြတ်စွာဘုရားက နံနက် ရောက်တော့ သင်းပိုင်၊ကိုယ်ဝတ်တွေကို သေသတ်စွာပြန်ဝတ်၊သပိတ်၊ သင်္ကန်းကိုယူပြီး၊ နကုလပီတာ နဲ့ နကုလမာတာ တို့ ဇနီးမောင်နှံအိမ်ကိုကြွသွားတယ်၊ အကြောင်းမဲ့ကြွတာတော့ မဟုတ်ဖူး။ရှိခဲ့ဖူးတဲ့ကျေးဇူးကို ပြန်ဆပ်ချင်လို့ ၊ ဒီလို ညီမလေးရဲ့ နကုလပီတာဟာ ဘ၀ များစွာ မြတ်စွာဘုရားရဲ့ဖခင်၊ ဘ၀ငါးရာ မြတ်စွာဘုရားရဲ့ဘထွေး(ဦးလေး) ဖြစ်ခဲ့ဖူးတယ်၊ ထို့ အတူပဲ နကုလမာတာဟာလည်း ဘ၀ငါးရာ မြတ်စွဘုရားရဲ့ မိခင်၊ အဖွား၊ မိထွေး(ဒျေါ်လေး၊ အရီး) ဖြစ်ခဲ့ဖူးတယ်။ဒါ့ကြောင့်ကြွသွားတာ။
အိမ်ရောက်တော့ ဘ၀အဆက်အဆက် သံယောဇဉ် ဖြစ်ခဲ့တဲ့ အတွက် နကုလပီတာတို့ ဇနီးမောင်နှံဟာ မြတ်စွာဘုရားကို ‘ချစ်သား၊ချစ်သား’ လို့ နှုတ်က အလိုလို ထွက်ခေါ်မိတဲ့ အထိ ဖြစ်သွားတယ်၊ ပြီးတော့ နကုလပီတာ တို့ဟာ မြတ်စွာဘုရားကို မြင်တာနဲ့ တပြိုင်နက် သောတပန် ဖြစ်သွားတယ်၊ နောက်မြတ်စွာဘုရား က နကုလပီတာတို့ ခင်းထားတဲ့နေရာမှာထိုင်တော်မူတယ်ပေါ့လေ။ အဲဒီ အခါမှာနကုလပီတာကမြတ်စွာဘုရားကို ဒီလို လျှောက်တယ်။
‘ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား၊ ဘုရားတပည့်တော် တို့သည် ငယ်ရွယ်စဉ် အခါက ပင် လျှင် ငယ်ရွယ်သော နကုလမာတာ ကို ထိမ်းမြားလက်ထပ်ခဲ့ပါသည်။လက်ထပ်ထိမ်းမြားချိန်က စပြီး ယနေ့ အထိ နကုလမာတာ မှတစ်ပါးအခြားသော အမျိုးသမီးနှင့် ဖောက်ပြန်ကျူးလွန်ခြင်းမရှိပါ။မြတ်စွာဘုရား တပည့်တော်သည် ယခုမျက်မှောက်ဘ၀ ၌လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နားလည်မှု များစွာနဲ့ မခွဲမခွာ သက်ဆုံးတိုင်ထာဝရ လက်တွဲသွားလိုပါတယ်ဘုရား၊ အဲဒီအတွက် ဘယ်လိုကျင့်ကြံနေထိုင်ရမယ်ဆိုတာ ကို လမ်းညွှန်တော်မူပါ ဘုရား’ “
“နကုလပီတာကမြတ်စွာဘုရားကို အဲဒီလို လျှောက်ပြီးတော့ နကုလမာတာကလည်း အားကျမခံ တပည့်တော်မ သည် နကုလပီတာမှတစ်ပါး အခြားသော အမျိုးသား နှင့် ဖောက်ပြန် ကျူးလွန်ခြင်းမရှိပါ။ဘာညာပေါ့လေ၊ နကုလပီတာပြောတဲ့အတိုင်းပြန်လျှောက်တယ်၊ ဒီနေရာမှာနကုလပီတာတို့ ကိစ္စ ကို စကားရပ်ပြီးပြောစရာ တစ်ခုကို သတိရတယ်။“
“ပြောပါဦး ကိုလေး ဘာကိုလဲ“
“လူနှစ်ယောက်ဟာ အခုပစ္စုပ္ပန် ဘ၀မှာတွေ့ကြုံဆုံတွေ့ ပေါင်းသင်းရတာဟာ အကြောင်းနှစ်ချက်ကြောင့်ပဲတဲ့၊ ဇာတက အဋ္ဌကထာ ပထမအုပ် မှာဂါထာ တစ်ပုဒ် ပြထားတယ်။
အဲဒီဂါထာက ---
ပုဗေ၀ သန္နိဝါသေန ၊ ပစ္စုပ္ပန္န ဟိတေန၀ါ၊
ဧ၀ံတံ ဇာယျတေ ပေမံ။ ဥပလံဝါ ယထော ဒကေ၊
အနက်ပါတစ်ခါတည်း ပြန်ပြမယ်နော်“
“ဟုတ်ကဲ့ကိုလေး“
“ဥပလံဝါ ---ကြာညို၊ကြာဖြူ၊ကြာနီ သည်လည်းကောင်း၊ အညံဝါ---အခြားသောပဒုမ္မာ စသော ကြာ သည်လည်းကောင်း၊ ဥဒကေ---ရေ၌၊ ဇယမာနံ---ပွင့်ထွန်းပေါ် ပေါက် လာသည် ရှိသော်၊ ဒွိဟိကာရစေဟိ---ရေနှင့်ညွန် ဟူသောနှစ်ပါးသော အကြောင်းတို့ကြောင့် ဇာယတေယထာ---ဖြစ်ပေါ်လာရသကဲ့သို့ ။ တထာ---ထို့အတူ၊တံပေမံ---ထိုချစ်ခြင်းသည်၊ပုဗေ---ရှေ့ ဘ၀၌ ၊သန္နိဝါသေန၀ါ---အတူတကွနေထိုင်ခဲ့ရခြင်းကြောင့် လည်းကောင်း၊ ပစ္စုပန္န ဟိတေန၀ါ--- ပစ္စုပ္ပန်ဘ၀၌ အကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်းကြောင့်လည်းကောင်း၊ ဧ၀ံ ---နှစ်ပါးသော အကြောင်တို့ကြောင့်၊ ဇာယတေ---ဖြစ်၏“
“အဓိပါယ် ပြောပါဦး ကိုလေးရဲ့“
“ကြာညို၊ကြာဖြူ၊ကြာနီ၊ပဒုမ္မာကြာ စသည်တို့ဖူးပွင်းပေါ်ထွက်ရခြင်းဟာ ရေနှင့်ညွန် နှစ်ပါးသော အကြောင်းကြောင့် ဖြစ်ပေါ်ရသလို ထို့ အတူပဲတဲ့၊ လူနှစ်ယောက် အခုပစ္စုပ္ပန် ဘ၀မှာ ချစ်ခင်တွေ့ကြုံ ပေါင်းသင်းရခြင်းဟာလည်း…
၁။ အတိတ်ဘ၀၌ အတူတကွနေထိုင်ခဲ့ရခြင်း
၂။ယခုပစ္စုပန်ဘ၀၌(မိမိပေါင်းသင်းရတဲ့သူရဲ့)အကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်း။ အဲဒီ အင်္ဂါနှစ်ချက် ကြောင့်ပဲတဲ့ ညီမလေးရဲ့“
“အဲဒီအကြောင်း ကိုလေးပြောပြမှပဲကြားဖူးတော့တယ်“
“ကဲ အဲဒီဟာ ဒီမှာ ရပ်လိုက်တော့၊ နကုလပီတာတို့ အကြောင်းပြန်ဆက် ရအောင်၊ နကုလပီတာတို့ က မေးတော့ မြတ်စွာဘုရားက ပြန် ဖြေတယ်။“
“နကုလာပီတာနှင့် နကုလမာတာတို့ ၊ သင်တို့ဟာ ယခုဘ၀သာမက နောင်သံသရာဘ၀ အဆက်ဆက် ထာဝရ ပေါင်းသင်းနေထိုင်သွားလိုလျှင် ---
၁။တူညီသောသဒ္ဒါတရားရှိခြင်း၊
၂။တူညီသောသီလရှိခြင်း၊
၃။တူညီသောပေးကမ်းစွန့်ကြဲမှုရှိခြင်း၊
၎။တူညီသောဥာဏ်ပညာရှိခြင်း ဤအင်္ဂါလေးပါးနှင့်ပြည့်စုံပါက သင် တို့ အလို ရှိတဲ့အတိုင်းဖြစ်စေရမည်လို့ မိန့်တော် မူတယ်၊မိန့်ပြီးတော့ ကျောင်းကို ပြန်ကြွသွားတယ်မူတယ်ပေါ့လေ“
“ဒီနေရာမှာကိုလေးကို စောဒက တစ်ခုဝင်ချင်တယ်“
“၀င်ပါဦး“
“နံပါတ် ၄ တူညီသော ဥာဏ်ပညာရှိခြင်း ဆိုတဲ့ နေရာမှာ ဥပမာပေါ့လေ၊ ယောကျာ်းက B.Sc ဘွဲ့ရတယ် ၊ မိန်းမက ဆယ်တန်းမအောင်ဖူး၊ အဲဒီလိုဆိုရင်ဘယ်လိုလုပ်မလဲ၊ လောကမှာ ပညာတူဖို့ဆိုတာလွယ်တဲ့ကိစ္စ မှမဟုတပဲ ကိုလေးရဲ့“
“ဟာ ငါ့ညီမကတော့ လုပ်ပြီ ၊တူညီသောဥာဏ်ပညာရှိခြင်းဆိုတာလောကီ အတန်းပညာ ကို ပြောတာမဟုတ်ဘူး ငတုံးမလေးရဲ့။“
“ဒါဖြင့် ဘာ ကိုပြာတာလဲ အစ်ကို ပညာရှိကြီးရဲ့“
“ဥာဏ်ပညာတူရမယ်ဆိုတာကောင်းတာကို လုပ်ရင် ကောင်းတဲ့ အကျိုးခံစားရမယ်၊ မကောင်းတာကို လုပ်ရင် မကောင်းတဲ့ အကျိုးခံစားရတယ်၊အဲဒီလို အကြောင်းအကျိုး ၊ အကောင်းအဆိုး ကို ခွဲခြားဝေဖန်နိုင်တဲ့ဥာဏ်ပညာမျိုးကို ပြောတာ ငတုံးမလေးရဲ့“
“သြော် …ဟုတ်လား“
“ကဲညီမလေးရေ ဒီလောက်ဆိုတော်ရောပေါ့ ၊မေးစရာရှိရင်နောက်မှပဲဆက်မေးတော့၊ ကိုလေးမြို့ထဲသွားစရာရှိသေးတယ်“
“ဟုတ်ကဲ့ ကိုလေး“


ကြောင်ကလေး Willa


ကြောင်ကလေး Willa
Alan ။    ။Willa မနက်တိုင်း သစ်ပင်အောက်မှာပဲထိုင်နေတယ်။
 အိမ်နောက်ဖေးက ပေ၁၀၀ လောက်မြင့်တဲ့ ယူကလစ်ပင်ကြီးရဲ့ အောက် မှာ ဘာကြောင့် ထိုင်နေတာလဲလို့ willa ကို ကျွန်မမေးစရာမလိုတော့ပါဘူး။တစ်ခါတစ်လေ သူက ယူကလစ်ပင် ပေါ် တက်ပြီး မှီရာ အကိုင်းလေးတွေကို လှုပ်နေသေးတယ်။အသိုက်ထဲက ငှက်ကလေးတွေကျလာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
သူက အ၀လွန်နေတဲ့ penguin ငှက်ကြီးတစ်ကောင်နဲ့တူတာပေါ့။ကျွန်မတို့ အိမ်မှာမွေးထားတဲ့ ကြောင် လေးကောင် ထဲမှာ သူက အထိုင်းဆုံးပဲလေ။ သူ့ညီအစ်ကိုတွေ ဖမ်းသလို ပုံစံမျိုးကို သူ လိုက်လုပ်လေ့ မရှိပါဘူး။ သူက ဘူးနဲ့ အသင့်လုပ်ထားတဲ့ ကြောင်စာ ကိုပဲ တစ်နေ့ နှစ်ကြိမ်စားလေ့ရှိတယ်။ အခုတော့ သူက အရင် ကထက် အိုပြီး လေးလံလာခဲ့ပြီ။ ဒါကြောင့် သူက ဖမ်းတဲ့ဘက် ကို စိတ်မသန်တော့ဘူး။ သူ အမြဲ ယူကလစ်ပင်အောက် ကို တွားသွားပြီး မျက်လုံးစောင်းလေးနဲ့ ခေါင်းလေးကို မော့ကာ အပေါ် ကို ငေးကြည့်နေကျလေ။ သူ့ရဲ့ ကံတရားက ဒီအတိုင်းမနေဘူး ဆိုတာကိုတော့ သူတွေးခဲ့ရမှာပါ။
နောက်တစ်နေ့မနက်ရောက်တော့လည်း willa လေးက အဲဒီသစ်ပင်အောက်မှာပဲ ဖွဖွကလေး ရွေ့လို့ လို့ပေါ့။
“အဲလိုလုပ်နေလို့ အပိုပဲ willa။ ငှက်ဆိုတဲ့ အကောင်မျိုးက သစ်ပင်ပေါ်ကနေ ကျလာခဲတယ်။ဖြစ်နိုင်တာကိုလုပ်ပါကွယ်“ လို့ ကျွန်မပြောပါတယ်။သူ က ကျွန်မပြောတဲ့စကားကို လျစ်လျူရှုပြီးနေတယ်။ဆောင်း အ၀င် မနက်တိုင်း သူကတော့ ယူကလစ်ပင်အောက်မှာပါပဲ။
တစ်နေ့ ကျွန်မ သူ့ ကို ပုံမှန်နေရာလေးမှာမတွေ့ရတော့ဘူး။ဒါလည်းကောင်းတာပဲ သူနောက်ဆုံးတော့ အဓိပါယ် မရှိတဲ့အလုပ်ကို လုပ်မိတယ်ဆိုတာသိသွားတယ်လို့ ကျွန်မစိတ်ထဲသုံးသပ်ရင်းတစ်ချက်ပြုံးလိုက်မိတယ်။ ဒါပေမယ့် ကျွန်မအထင်တွေ မှားခဲ့ပါတယ်။
သူလုပ်ခဲ့တဲ့ အစီအစဉ်က အလုပ်မဖြစ်ဖူးလို့ သူသုံးသပ်မိတယ်။ ဒါကြောင့် နွေဦးမှာ သူရဲ့ အစီအစဉ်တွေကို ပိုကောင်းအောင်လုပ်ခဲ့တယ်။
တစ်နေ့သော June ညနေခင်းမှာ ကျွန်မ အိမ်က လူတွေကိုမေးခဲ့တယ်။“ဒီကြွက်ကို ဘယ်သူချီလာတာလဲ။“
Alan ။    ။ သိမ်းထားလိုက်မယ်လေ။ Takery ဒါမှမဟုတ် Starry များဖမ်းလာတာလား။
ကျွန်မဘာမှ ပြန်မပြောလိုက်ပါဖူး။ ဒါပေမယ့် သူပြောတာ မဟုတ်တဲ့ အကြောင်း ကျွန်မမှာ အချက်အလက်တွေရှိလို့ပါ။ Takery ကနေ့လည်ခင်းတစ်ခုလုံးအိပ်နေပြီး၊ Starry ကတော့ ကြွက်ဆိုရင် မစားတဲ့ အကျင့်ရှိလို့လေ။ Charlotte Bronte များဖြစ်နေမလား။ မဟုတ်ဘူး။ မဖြစ်နိုင်ပါဘူး။
            ကြွက်သေတွေကတော့ နေ့စဉ်တွေ့နေရတယ်လေ။ အဲဒီဟာတွေက willa ဖမ်းတယ်လို့ သိလိုက်ရတဲ့ အချိန်မှာ အံ့သြခြင်းနဲ့အတူ ကျွန်မ မှာပဟေဠိ ပုစ္ဆာတစ်ပုဒ် ရှိနေခဲ့တယ်။ ကျွန်မ မယုံနိုင်ခဲ့ပါဘူး။ သူက ကြွက်ဖမ်းဖို့ အတွက်ကို အလွန်ဝပြီး အသက်အရွယ် အိုမင်းနေတဲ့ ကြောင်တစ်ကောင်ပါ။
            နောက်တစ်နေ့မှာတော့ကျွန်မသူ့ကို ခြေရာခံခဲ့တယ်။ သူဝေးဝေးတော့မသွားခဲ့ပါဘူး။ အိမ်နောက်က သစ်ပုံကြီးရဲ့အောက်မှာ ကြွက်တွေအများကြီးရှိတယ်လေ။
တစ်နေ့ နံနက် ခင်းမှာ  willa နောက်ကို လိုက်သွားခဲ့တယ်။ အိမ်နောက်ဖေးမြေကွက်လပ်လေးမှာ ခုံတစ်ခုယူထိုင်ပြီး ကော်ဖီသောက်ရင်း သူဘာလုပ် မယ် ဆိုတာကို မျှော်လင့်စောင့်စားနေခဲ့တာပေါ့။  ကြွက်ဖမ်းတယ် ဆိုတာ စိတ်ရှည်ရမယ့် အားကစားတစ်ခုပါ။ ကျွန်မ စောင့်ကြည့်နေခဲ့တယ်။သူရဲ့ အစီအစဉ်လေးကတော့ တော်တော်လေးပါးနပ်တာပဲ။ သစ်ပုံပေါ်တက်ပြီး ပွင့်နေတဲ့ ကြွက်တွင်းရဲ့ အ၀ မှာရွရွလေးဖွနင်းပြီး သူ့ရဲ့ သားကောင်တွေက သူတို့ လုံခြုံတယ်လို့ထင်ရတဲ့အထိ မလှုပ်မယှက် နားနေတယ်။ အဲဒီအချိန်မှာထွက်လာတဲ့ကြွက် ကို သူ့ အမဲရောင်ခြေဖ၀ါးနဲ့ တစ်ချက် ခပ်ကြမ်းကြမ်းလေးရိုက်လိုက်တာပါ။ နွေတစ်ရာသီလုံး willa က အဲဒီကြွက်တစ်သုတ်လုံးခဲ့ ရှင်းနိုင်ခဲ့တယ်။ တစ်ကောင်ပြီးတစ်ကောင် သူ့ရဲ့ စိတ်ရှည် လှတဲ့ ခြေဖ၀ါးအောက်မှာပဲ သက်ဆင်းခဲ့ရတယ်။
            *********************************************************************
            ကျွန်မရဲ့ပေါင်ပေါ်မှာ willa ကတော့ အညောင်းဆံ့ နေတယ်လေ။ သူ့ ရဲ့ သက်တမ်း ၁၆ နှစ်ပြည့်ခဲ့တာ မကြာသေးပါဘူး။ ဒါပေမယ့် မနက်ဖြန်ကတော့ သူ့ ကို ဆေးခန်းပြဖို့ ရက်ချိန်းလေ။ Willa မှာ cancer ရောဂါရနေပြီ။ သူ့အတွက် ဘာမှလုပ်မပေးနိုင်တော့ပါဘူး။ ကျွန်မ သူ့ကိုယ်ပေါ်က အမွှေးလေး တွေကိုပွတ်သပ်ရင်း သူ့နဲ့သိခဲ့ရတာ အရမ်းကံကောင်းတယ်လို့ တွေးမိတယ်။ ခန့်ညားပါးနပ်တဲ့ ကြောင်တစ်ကောင်မို့လေ။ သူက အသက်ကြီးလာခြင်း ရဲ့ အကျိုးကို ပြသခဲ့တယ်လေ။ အသက်အရွယ်ကြီးရင့်လာရင် ဘယ်နေရာမှာနေရမလဲဆိုတာသိလာတယ်။ ပြီးတော့ နေရာမှန်ရင် ကိုယ်တောင့်တတာတွေက ကိုယ့်ဆီရောက်လာတယ်ဆိုတာကိုပေါ့။
            Willa ကျွန်မကိုမော့ကြည့်တယ်။
            ကျိန်ပြောရဲပါတယ် သူပြုံးနေတယ် ဆိုတာကိုလေ။
            ဘာသာပြန်သူ-ရွှေပိုးကောင်၊ “What Willa Knows from Chicken Soup for The Cat Lovers’ Soul“